ဒါရိုက်တာ Rowan Joffé ရိုက်ကူးပြီး မင်းသမီး Nicole Kidman နဲ့ မင်းသား Colin Firth တို့ အဓိက သရုပ်ဆောင်ထားတဲ့ Before I Go To Sleep (2014) ဟာ စိတ်ပညာဆန်းစစ်ချက်နဲ့ လျှို့ဝှက်သည်းဖိုကို ပေါင်းစပ်ထားတဲ့ Psychological Mystery Thriller ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

စာရေးဆရာ S.J. Watson ရဲ့ နာမည်ကြီး Best-selling ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းက အသက် ၄၀ အရွယ် အမျိုးသမီး Christine (Nicole Kidman) ရဲ့ ထူးဆန်းတဲ့ ဝေဒနာကနေ စတင်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကားမတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ပြီး အိပ်ပျော်သွားတိုင်း အသက် နှစ်ဆယ်ထိပဲ သတိရတော့တဲ့ ဝေဒနာကို ခံစားနေရသူပါ။

မနက်ခင်း နိုးလာတိုင်း သူမဟာ ကိုယ့်ကိုယ်ကိုယ် အသက် ၂၀ ကျော် အရွယ်ပဲ ထင်နေပြီး ဘေးနားက ခင်ပွန်းဖြစ်သူ Ben (Colin Firth) ကိုလည်း သူစိမ်းတစ်ယောက်လို မြင်နေရရှာပါတယ်။ Ben ကလည်း မနက်တိုင်းမှာ သူတို့ဟာ လင်မယားဖြစ်ကြောင်း၊ ဘာကြောင့် အတိတ်မေ့နေရကြောင်းကို စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံတွေပြပြီး နေ့စဉ် ရှင်းပြပေးလေ့ ရှိပါတယ်။

Ben အလုပ်သွားတဲ့အချိန်မှာ Christine ဆီကို သူမကို တိတ်တဆိတ် ကုသပေးနေတဲ့ စိတ်ရောဂါအထူးကု ဆရာဝန် Dr. Nash (Mark Strong) က ဖုန်းဆက်ပါတယ်။ ဒေါက်တာ့အကြံပြုချက်အရ Christine ဟာ သူမ မှတ်မိသမျှကို ဒီဂျစ်တယ်ကင်မရာလေးတစ်လုံးနဲ့ ဗီဒီယိုရိုက်ပြီး တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့ပါတယ်။

နေ့ရက်တွေ ကြာလာပြီး ဗီဒီယိုမှတ်တမ်းဟောင်းတွေကို ပြန်ကြည့်ရင်းကနေ သူမ သိထားတဲ့ အမှန်တရားတွေနဲ့ အတိတ်က အဖြစ်အပျက်တွေဟာ လွဲမှားနေမှန်း သတိပြုမိလာပါတယ်။ အထူးသဖြင့် တစ်နေ့မှာ သူမကိုယ်တိုင် ရိုက်ထားတဲ့ ဗီဒီယိုထဲက "ဘယ်သူ့ကိုမှ မယုံနဲ့" ဆိုတဲ့ သတိပေးစကားကြောင့် ဇာတ်ရှိန်ဟာ အမြင့်ဆုံးကို တက်သွားပါတော့တယ်။

အချုပ်ပြောရရင် မှတ်ဉာဏ်ပျောက်ဆုံးခြင်းအပေါ် အခြေခံထားတဲ့ Psychological Mystery ကားတွေကို သဘောကျသူတွေအတွက် စိတ်ကျေနပ်မှု ပေးနိုင်မယ့် ဇာတ်ကားပါ။ အစပိုင်းမှာ ဇာတ်အေးတယ်လို့ ထင်ရပေမဲ့ နောက်ပိုင်း ရောက်တဲ့အခါမှာတော့ စက္ကန့်မလပ် ဆွဲခေါ်သွားနိုင်တဲ့ Mystery ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating: 8/10

AP