2016 မှာ ထွက်ရှိခဲ့တဲ့ "Before I Wake" ရုပ်ရှင်ဟာ သာမန်ခြောက်လှန့်တဲ့ Horror ကားမျိုး မဟုတ်ဘဲ စိတ်ကူးစိတ်သန်း ဆန်းသစ်ပြီး စိတ္တဆန်ဆန် ရိုက်ကူးထားတဲ့ Dark Fantasy / Thriller အမျိုးအစား ဖြစ်ပါတယ်။

ဒီကားကို ဟော်ရာလောကမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Mike Flanagan (The Haunting of Hill House, Oculus တို့ရဲ့ ဖန်တီးရှင်) က ရိုက်ကူးထားတာမို့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ခံစားချက်အပိုင်းကို သေသပ်စွာ ပုံဖော်ထားပါတယ်။

ဇာတ်လမ်းကတော့ ရေနစ်ပြီး ဆုံးပါးသွားခဲ့တဲ့ သားဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရတဲ့လင်မယားနှစ်ယောက် (Jessie နဲ့ Mark) က Cody ဆိုတဲ့ ၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မွေးစားရာကနေ စတင်ပါတယ်။

Cody မှာ ထူးခြားတဲ့ အစွမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ သူအိပ်ပျော်သွားတဲ့အခါ သူမြင်မက်တဲ့ အိပ်မက်တွေက တကယ့်လက်တွေ့ဘဝထဲကို ပုံရိပ်ယောင်တွေအနေနဲ့ ပေါ်လာတတ်တာပါပဲ။ ကောင်လေးက လိပ်ပြာလေးတွေကို သဘောကျရင် အိမ်ထဲမှာ လိပ်ပြာလှလှလေးတွေ ပျံသန်းနေတတ်ပြီး၊ မွေးစားမိဘတွေရဲ့ ဆုံးပါးသွားတဲ့ သားလေးကို သတိရနေရင်လည်း သားဖြစ်သူရဲ့ ပုံရိပ်က အိမ်မက်ထဲကနေ လက်တွေ့ဘဝထဲ အသက်ဝင်လို့ လာပါတယ်။

ဒါပေမဲ့ ပြဿနာက ကောင်လေးက အမြဲတမ်း အိမ်မက်လှလှလေးတွေပဲ မက်တာ မဟုတ်ပါဘူး။ သူ အိမ်မက်ဆိုး မက်တဲ့အခါ "The Canker Man" လို့ ခေါ်တဲ့ ကြောက်စရာ သတ္တဝါကြီးက လက်တွေ့ဘဝထဲ ရောက်လာပြီး ဘေးနားက လူတွေကို အန္တရာယ်ပြုပါတော့တယ်။ Cody ဟာ သူများတွေကို အန္တရာယ်မပေးမိအောင် မအိပ် အောင်ဆေးတွေသောက်၊ ကော်ဖီတွေသောက်ပြီး မအိပ်ဘဲ နေဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။

"အိပ်မက်တွေ လက်တွေ့ဖြစ်လာခြင်း" ဆိုတဲ့ Fantasy အယူအဆကို Horror နဲ့ ပေါင်းစပ်ထားတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြောက်စရာ အခန်းတွေချည်း သက်သက်မဟုတ်ဘဲ ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကြောင့် နောက်ဆုံးထိ မျောသွားစေပါတယ်။

Before I Wake ဟာ သာမန် သရဲကားတွေထက် ပိုမိုနက်ရှိုင်းတဲ့ Dark Fantasy / Psychological Horror ကားကောင်းတစ်ကားဖြစ်ပြီး၊ ဇာတ်သိမ်းပိုင်းမှာ ပေးသွားတဲ့ ခံစားချက်က ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့စေမယ့် ရုပ်ရှင်မျိုး ဖြစ်ပါတယ်။

My Rating:7.5/10

AP