Dark ဟာ Netflix ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံး Sci-Fi Mystery Thriller ဂျာမန်စီးရီးတွေထဲက တစ်ခုဖြစ်ပါတယ်။ Inception, Tenet တို့လို အချိန်ခရီးသွားခြင်း ဇာတ်အိမ်တွေကို သဘောကျပြီး ဉာဏ်ကစားရတဲ့ ကားမျိုးကို ရှာနေတယ်ဆိုရင် ဒါဟာ သင့်အတွက် အကြိုက်ဆုံး Masterpiece ဖြစ်လာပါလိမ့်မယ်။

ဇာတ်လမ်းက Season 1 ကနေ 3 အထိ အပိုင်း ၂၆ ပိုင်းနဲ့ လုံးဝပြီးပြည့်စုံအောင် အကွက်စိပ်စိပ် ဇာတ်ညွှန်းရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းက ၂၀၁၉ ခုနှစ်၊ ဂျာမနီနိုင်ငံက "Winden" ဆိုတဲ့ နျူကလီးယားစက်ရုံရှိတဲ့ မြို့ငယ်လေးတစ်ခုမှာ စတင်ပါတယ်။ မြို့ထဲက ကလေးငယ်တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားရာကနေ စုံထောက်တွေ လိုက်လံရှာဖွေကြပါတယ်။

ဒါပေမဲ့ ဒီပျောက်ဆုံးမှုဟာ ရိုးရိုးပြန်ပေးဆွဲတာ မဟုတ်ဘဲ မြို့ထဲက တောအုပ်ထဲက  လှိုင်ဂူကြီးနဲ့ ဆက်စပ်နေပြီး ၃၃ နှစ်တစ်ခါ (၁၉၅၃၊ ၁၉၈၆၊ ၂၀၁၉) အချိန်သံသရာလည်နေတဲ့ အချိန်ခရီးသွားခြင်း ဖြစ်စဉ်ကြီး ဖြစ်နေမှန်း သိလာရပါတယ်။ မြို့ထဲက အဓိက မိသားစုကြီး ၄ စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မျိုးဆက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ရုန်းမထွက်နိုင်အောင် ကံကြမ္မာချင်း ချိတ်ဆက်ပတ်သက်နေပုံကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာပါ။

ရိုးရိုးစုံထောက်ကားတွေမှာ "တရားခံက ဘယ်သူလဲ (Who)" လို့ မေးလေ့ရှိပေမဲ့ Dark မှာတော့ "တရားခံက ဘယ်အချိန် ကလဲ (When) " ဆိုပြီး မေးရပါတယ်။

ဇာတ်ကောင်တစ်ယောက်တည်းကတင် ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝ၊ အဘိုးအိုဘဝ ဆိုပြီး Timeline အလိုက် ပုံစံမျိုးစုံနဲ့ ပေါ်လာတတ်ပြီး၊ အတိတ်ကလုပ်ရပ်က အနာဂတ်ကို သက်ရောက်သလို၊ အနာဂတ်က လူကလည်း အတိတ်ကို ပြန်သွားပြီး သမိုင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါတယ်။ ဇာတ်ညွှန်းဆရာက Timeline ပေါင်းများစွာ၊ ဇာတ်ကောင်ပေါင်းများစွာကို တစ်ကွက်မှ မလွဲစေဘဲ အပ်ကြောင်းထပ်အောင် ချိတ်ဆက်ပြသွားပုံက ကြည့်ရင်းနဲ့ကို အံ့ဩရပါတယ်။

Dark ဟာ သာမန် Sci-Fi ကားတွေလို ရုပ်ဆိုးဆိုး ဂြိုဟ်သားတွေ၊ လေဆာသေနတ်တွေ မပါဘဲနဲ့တင် အချိန်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှု၊ လျှို့ဝှက်ဆန်းကြယ်မှုကို အကောင်းဆုံး ပုံဖော်သွားတာပါ။ ဇာတ်လမ်းပြီးသွားတဲ့အထိ ဇာတ်ကွက်တွေကို ပြန်တွေးပြီး ရင်ထဲမှာ နှစ်ပတ်လောက် စွဲကျန်ရစ်စေမယ့် ထိပ်တန်း Mind-bending Sci-Fi Mystery ဖြစ်လို့ သေချာပေါက် ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။

My Rating: 9.5 / 10

AP