ဒါရိုက်တာ Scott Derrickson ရိုက်ကူးထားတဲ့ Deliver Us From Evil (2014) က သာမန် သရဲကားတွေလို ခြောက်လှန့်တာမျိုးထက် ရဲအက်ရှင်စုံထောက် (Crime Thriller) အကွက်တွေနဲ့ မိစ္ဆာပူးကပ်ခြင်း ဆိုင်ရာ Horror ကွက်တွေကို ထူးထူးခြားခြား ပေါင်းစပ်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

အထူးသဖြင့် ဒီဇာတ်ကားဟာ တကယ့်လက်တွေ့ New York မြို့က ရဲအရာရှိ Ralph Sarchie ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်စာအုပ် "Beware the Night" ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ နယူးယောက်မြို့က စိတ်ဒဏ်ရာအနည်းငယ်ရှိပြီး ဘုရား၊ တရား သိပ်မယုံကြည်တဲ့ ရဲအရာရှိ Ralph Sarchie (Eric Bana) ဟာ မြို့ထဲမှာဖြစ်ပွားနေတဲ့ ထူးဆန်းပြီး အရက်စက်ဆုံး ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့် ရရှိခဲ့ပါတယ်။ ပထမတော့ သာမန်လူသတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို့ ထင်ခဲ့ပေမဲ့ အမှုတွေကို လိုက်လံထောက်လှမ်းရင်းနဲ့ အမှုတိုင်းရဲ့ နောက်ကွယ်မှာ အီရတ်စစ်ပွဲက ပြန်လာတဲ့ စစ်ပြန်သုံးယောက်နဲ့ ဆက်နွှယ်နေတာကို တွေ့ရှိရပါတယ်။

သူတို့စုံစမ်းလေလေ၊ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ သဘာဝလွန် ဖြစ်ရပ်ဆိုးတွေ၊ အမှောင်ထုထဲက မိစ္ဆာအောက်လမ်းနည်းပညာတွေ ပတ်သက်နေတာကို ပိုသိလာရပါတော့တယ်။ နောက်ဆုံးမှာတော့ ဒီအမှုတွေကို ဖြေရှင်းဖို့အတွက် သာမန်ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ မရတော့ဘဲ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Father Mendoza (Édgar Ramírez) နဲ့ လက်တွဲပြီး လူတွေရဲ့ ခန္ဓာကိုယ်ထဲ ပူးကပ်နေတဲ့ ရှေးဟောင်းမိစ္ဆာဆိုးကို မောင်းထုတ်ဖို့ ကြိုးပမ်းကြရတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။

The Exorcism of Emily Rose နဲ့ Sinister တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Scott Derrickson ဖြစ်တာမို့ Horror ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာမရှိတဲ့ ကားမျိုးပါ။ စုံထောက် Mystery အခင်းအကျင်းထဲကို မိစ္ဆာပူးကပ်ခြင်း ပုံစံ ထည့်သွင်းထားတာမို့ ဆန်းသစ်မှုရှိပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating: 6.5/10

AP