Fox နဲ့ Netflix တို့ရဲ့ လက်ရာဖြစ်တဲ့ Lucifer ဟာ Fantasy, Police Procedural နဲ့ Comedy-Drama တို့ကို အလွန်ဆွဲဆောင်မှုရှိရှိ ရောစပ်ပုံဖော်ထားတဲ့ စီးရီးကောင်း တစ်ခု ဖြစ်ပါတယ်။

DC Comics ရဲ့ The Sandman စာအုပ်ထဲက ဇာတ်ကောင်ကို အခြေခံထားပြီး၊ "ငရဲပြည်က အုပ်ချုပ်သူ နတ်ဆိုးဘုရင်ကြီး ကမ္ဘာမြေပေါ် ဆင်းလာရင် ဘာဖြစ်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းက ငရဲပြည်ကို အုပ်ချုပ်ရတာ ပျင်းရိငြီးငွေ့လာတဲ့ နတ်ဆိုး Lucifer Morningstar တစ်ယောက် သူ့ရဲ့ ရာထူးကို စွန့်ခွာပြီး ကမ္ဘာမြေပေါ်က Los Angeles မှာ "Lux" လို့ခေါ်တဲ့ အဆင့်မြင့် ညကလပ်တစ်ခု ဖွင့်လှစ်ကာ လူသားတစ်ယောက်လို ပျော်ပျော်ပါးပါး လာရောက် အခြေချနေထိုင်ရာကနေ စတင်ပါတယ်။

တစ်နေ့မှာတော့ သူ့ကလပ်ရှေ့မှာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီအမှုကို လာရောက်စုံစမ်းတဲ့ LAPD က စုံထောက် Chloe Deckerနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ထူးခြားတာက Lucifer ရဲ့ "လူသားတွေရဲ့ စိတ်အလိုချင်ဆုံး ဆန္ဒတွေကို ထုတ်ပြောစေတဲ့" မှော်အစွမ်းဟာ စုံထောက် Chloe အပေါ်မှာ လုံးဝအလုပ်မလုပ်ပါဘူး။ ဒီလိုနဲ့ စူးစမ်းလိုစိတ်ပြင်းပြလာတဲ့ Lucifer ဟာ စုံထောက်မလေးနဲ့အတူ LAPD ရဲ့ အတိုင်ပင်ခံ စုံထောက်တစ်ဦးအဖြစ် ပူးပေါင်းပြီး လူသတ်မှုတွေကို လိုက်လံဖြေရှင်းရင်း ကမ္ဘာမြေပေါ်မှာ သောင်းကျန်းပါတော့တယ်။

Season ၁ ကနေ ၆ အထိ အပိုင်းပေါင်း ၉၃ ပိုင်းနဲ့ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းကို ပေးသွားခဲ့တဲ့ စီးရီးကြီး ဖြစ်ပါတယ်။ အပိုင်းတိုင်းမှာ Case တစ်ခုချင်းစီကို အကွက်စိပ်စိပ်နဲ့ ဖြေရှင်းရတာကို သဘောကျပြီး၊ တစ်ဖက်ကလည်း နတ်ဘုရား ဒဏ္ဍာရီ တွေကို ခေတ်သစ်ပုံစံနဲ့ ပေါ့ပေါ့ပါးပါး၊ ရယ်ရယ်မောမော ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် Lucifer ဟာ အကြိမ်ကြိမ် ပြန်ကြည့်ရလောက်အောင် စွဲလမ်းစေမယ့်  စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။

My Rating: 8.5 / 10

AP