၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ No Exit ရုပ်ရှင်ဟာ Taylor Adams ရဲ့ နာမည်ကြီး သည်းထိတ်ရင်ဖို ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ အကွက်ကျကျ ပိတ်လှောင်ထားတဲ့ နေရာတစ်ခုထဲမှာ တရားခံကို ရှာဖွေရမယ့် Closed-Room Mystery & Survival Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။

The Invisible Guest လိုမျိုး ကန့်သတ်ချက်ရှိတဲ့ နေရာတစ်ခုထဲမှာ "ဘယ်သူ့ကို ယုံရမလဲ" ဆိုပြီး ဉာဏ်ကစားရတဲ့ ပဟေဠိအငွေ့အသက်နဲ့ The Chestnut Man လိုမျိုး သွေးအေးရက်စက်တဲ့ ပြန်ပေးဆွဲမှု အခင်းအကျင်းတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးပါ။

ဇာတ်လမ်းက ဆေးဖြတ်စင်တာကနေ ထွက်ပြေးပြီး နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူဆီကို ကားမောင်းပြီး သွားနေတဲ့ Darby ဆီကနေ စတင်ပါတယ်။ လမ်းမှာ အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်းဒဏ်ကြောင့် လမ်းပိတ်သွားတဲ့အတွက် ကောင်မလေးဟာ တောင်ပေါ်က အဝေးပြေး ကားရပ်နားစခန်း လေးတစ်ခုမှာ မဖြစ်မနေ ဝင်ရောက် ခိုလှုံရပါတော့တယ်။

အဲ့ဒီစခန်းထဲမှာ သူမလိုပဲ လမ်းခရီးပြတ်တောက်ပြီး ပိတ်မိနေတဲ့ သူစိမ်း ၄ ယောက် (လင်မယားနှစ်ယောက်၊ လူငယ်နှစ်ယောက်) ရှိနေပါတယ်။ အခြေအနေက ပုံမှန်လိုပဲ ရှိနေပေမဲ့ Darby တစ်ယောက် ဖုန်းလိုင်းရှာဖို့ ကားပါကင်ဘက် ထွက်လာတဲ့အခါမှာတော့... အပြင်က ဗန်ကားတစ်စီးရဲ့ နောက်ခန်းထဲမှာ ပြန်ပေးဆွဲ ခံထားရတဲ့ ကလေးမလေးတစ်ယောက်ကို မမျှော်လင့်ဘဲ သွားရောက် တွေ့ရှိလိုက်ပါတော့တယ်။ ဖုန်းလိုင်းကလည်း မရှိ၊ နှင်းမုန်တိုင်းကြောင့် အပြင်လည်း ထွက်လို့မရတဲ့ အခြေအနေမှာ "ဒီထဲက သူစိမ်း ၄ ယောက်ထဲမှာ တရားခံအစစ်က ဘယ်သူလဲ" ဆိုတာကို Darby တစ်ယောက် အသက်နဲ့ရင်းပြီး လျှို့ဝှက်စုံစမ်းရပါတော့တယ်။

ဒီကားဟာ အချိန် ၁ နာရီခွဲခန့်သာ ကြာမြင့်တဲ့အတွက် ဇာတ်ကွက်တွေက အရမ်းကျစ်လျစ်ပြီး တောက်လျှောက် ရင်ခုန်နှုန်း မြန်မြန်နဲ့ ကြည့်ရှုရမယ့် Thriller အမျိုးအစား ဖြစ်ပါတယ်။

No Exit (2022) ဟာ တခြားဇာတ်ကားကြီးတွေလောက် ဇာတ်အိမ် မကြီးမားပေမဲ့ နေရာကျဉ်းကျဉ်း၊ လူနည်းနည်းနဲ့ သည်းထိတ်ရင်ဖို ရသကို အထိရောက်ဆုံး ပေးစွမ်းနိုင်ခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပိတ်လှောင်မွန်းကျပ်မှုတွေကြားက Mystery Thriller တွေကိုမှ ဇာတ်ရှိန်သွက်သွက်နဲ့ ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် သေချာပေါက် အကြိုက်တွေ့စေမယ့် စိတ်လှုပ်ရှားစရာ ရုပ်ရှင်အဖြစ် ညွှန်းဆိုပါရစေခင်ဗျာ။

My Rating: 7.5 / 10

AP