No One Gets Out Alive (2021) ဟာ Netflix က တင်ဆက်ထားတဲ့ သဘာဝလွန် Supernatural Horror အမျိုးအစား ဖြစ်ပါတယ်။ စာရေးဆရာ Adam Nevill ရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ ဒါရိုက်တာ Santiago Menghini ရဲ့ ပွဲဦးထွက် လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီကားဟာ သရဲခြောက်တာ သက်သက်ထက် "ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဘဝရုန်းကန်ရမှု ဆင်းရဲဒုက္ခ" ဆိုတဲ့ လူမှုရေးအမှောင်ဖက်ခြမ်းကို စိတ်ဝင်စားစရာ ကောင်းအောင် ပေါင်းစပ်ပြထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Ambar ဟာ မက္ကဆီကိုနိုင်ငံမှာ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူကို ပြုစုရင်း ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရသူပါ။ အမေဆုံးပြီးနောက်မှာတော့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Cleveland မြို့ကို တရားမဝင် ရွှေ့ပြောင်းအခြေချသူအဖြစ် ရောက်လာခဲ့ပါတယ်။
ငွေကြေးမပြည့်စုံတဲ့အပြင် နေထိုင်ခွင့် အထောက်အထား လည်း မရှိတဲ့အတွက် အထည်ချုပ်စက်ရုံမှာ အလုပ်ခိုးလုပ်ရင်း ရုန်းကန်နေရပါတယ်။ ဒီလိုနဲ့ သူမဟာ Red နဲ့ Becker ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ငှားတဲ့ အလွန်ဟောင်းနွမ်းပျက်စီးနေပြီး ဈေးပေါတဲ့ လိုင်းခန်း တစ်ခုမှာ အခန်းငှားနေထိုင်မိရာကနေ အစပြုပါတယ်။ အဲဒီအိမ်ကြီးထဲ ရောက်ကတည်းက ညဘက်ဆို ငိုသံတွေ၊ ထူးဆန်းတဲ့ အော်သံတွေနဲ့ သေတ္တာအိုကြီးတစ်လုံးရဲ့ ထူးဆန်းတဲ့ ရောင်ပြန်ဟပ်မှုတွေ၊ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို တောက်လျှောက် ရင်ဆိုင်ရပါတော့တယ်။
ဇာတ်ကားရဲ့ ပထမပိုင်းမှာ ပရိသတ်ကို ဆွဲခေါ်သွားတဲ့ အဓိကအချက်က "ဆိတ်ငြိမ်ပြီး အေးစက်စက်နိုင်လှတဲ့ အမှောင်ထု" ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဟာ ခေတ်ဟောင်းအိမ်ကြီးရဲ့ အတွင်းပိုင်းကို Dark Blue, Green နဲ့ Orange အမှောင်ရောင်စဉ်တွေကို သုံးပြီး ကြည့်ရသူကို နေရထိုင်ရ ခက်အောင်၊ အသက်ရှူကျပ်အောင် ဖန်တီးပြသွားတာ တော်တော်လေး အားကောင်းပါတယ်။ ခြောက်လှန့်တဲ့အခါမှာလည်း ရုတ်တရက် လန့်သွားစေတဲ့ Jump Scare တွေထက် နောက်ခံဝါးဝါးမှာ သရဲရိပ်တွေ ပြပြီး စိတ်ခြောက်ခြားအောင် လုပ်သွားတာက ပိုသဘောကျဖို့ ကောင်းပါတယ်။
ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်က တကယ့်အပြင်က အန္တရာယ်ဟာ သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာပါပဲ။ တရားမဝင် ရွှေ့ပြောင်းအခြေချသူဖြစ်လို့ ရဲတိုင်ရင် အဖမ်းခံရမှာ ကြောက်ရတာ၊ အလုပ်ရှင်ရဲ့ နှိမ်ချဆက်ဆံမှုကို ခံရတာ၊ ယုံကြည်ရတဲ့သူတွေရဲ့ လှည့်စားမှုကို ခံရတာတွေက Ambar အတွက်တော့ အိမ်ထဲက သရဲတွေထက် ပိုပြီး ဘဝပျက်စရာ ကောင်းနေပါတယ်။ "ငွေမရှိ၊ နောက်ခံမရှိတဲ့ မိန်းကလေးတစ်ယောက်ကို လူ့အဖွဲ့အစည်းက ဘယ်လို အမြတ်ထုတ်လဲ" ဆိုတာကို သရဲကားပုံစံနဲ့ သရော်ထားတာ အတော်လေး ထိမိပါတယ်။
ဒီဇာတ်ကားရဲ့ အားနည်းချက်အနေနဲ့ဆို ဇာတ်ကားရဲ့ နောက်ဆုံးပိတ် ပိုင်းမှာတော့ အားနည်းချက်တချို့ ရှိနေပါတယ်။ ပထမပိုင်း တောက်လျှောက် တည်ဆောက်လာတဲ့ လျှို့ဝှက်ချက်တွေကို နောက်ဆုံးပိုင်းမှာ ကမန်းကတန်း ဖွင့်ချလိုက်သလို ဖြစ်သွားပြီး၊ မြေအောက်ခန်း ထဲက ပေါ်လာတဲ့ မိစ္ဆာကောင် ရဲ့ ဒီဇိုင်းနဲ့ CGI တချို့က Horror Fan တွေအတွက်တော့ သဘာဝမကျဘဲ နည်းနည်း ဟာသဆန်သလို ခံစားရစေနိုင်ပါတယ်။ နောက်ပြီး ဇာတ်ရှိန်က တောက်လျှောက် ဖြည်းဖြည်းချင်းသွားရာကနေ၊ အဆုံးသတ်ကျမှ သွေးထွက်သံယို သတ်ဖြတ်ခန်းတွေနဲ့ ရုတ်တရက် ဇာတ်သိမ်းလိုက်တာမို့ အဆုံးသတ်က လောသွားသလို ဖြစ်နေပါတယ်။
ခြုံပြောရရင်တော့ အေးစိမ့်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရသ (Gothic/Chilling Vibe) နဲ့ လူမှုရေးပြဿနာတွေကို Horror နဲ့ တွဲရက် ကြည့်ချင်သူတွေအတွက်တော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ Netflix သရဲကားကောင်း တစ်ကား ဖြစ်ပါတယ်။
My Rating:6.5/10
AP
Comments: