ဒါရိုက်တာ Jaume Collet-Serra ရိုက်ကူးပြီး ကလေးသရုပ်ဆောင်မလေး Isabelle Fuhrman ရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Orphan (2009) ဟာ Psychological Horror နဲ့ Mystery Thriller ပေါင်းစပ်ထားတဲ့  ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းက တတိယမြောက်ရင်သွေးလေးကို ဝမ်းတွင်းမှာတင် ဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာအပြင်းအထန် ရနေတဲ့ ဇနီးမောင်နှံ ကိတ် (Kate) နဲ့ ဂျွန် (John) တို့ဆီက စတင်ပါတယ်။ သူတို့မှာ သားအကြီးတစ်ယောက်နဲ့ နားမကြားတဲ့ သမီးအငယ်လေးတစ်ယောက် ရှိနေပေမဲ့ အိမ်ထောင်ရေးအက်ကြောင်းကို ကုစားဖို့နဲ့ မိသားစုကို ပိုပြီးပြီးပြည့်စုံစေဖို့အတွက် မိဘမဲ့ဂေဟာကနေ Esther လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Esther ဟာ တခြားကလေးတွေနဲ့မတူဘဲ ပညာတတ်တယ်၊ ပန်းချီဆွဲတာ ပါရမီပါတယ်၊ အရွယ်နဲ့မမျှအောင် တည်ငြိမ်ပြီး အနောက်တိုင်းဝတ်စုံအဟောင်းလေးတွေကို လည်ပတ်၊ လက်ပတ်တွေနဲ့ သေသေသပ်သပ် ဝတ်ဆင်တတ်သူပါ။ ဒါပေမဲ့ သူမ အိမ်ကို ရောက်လာပြီး မကြာခင်မှာပဲ ကျောင်းမှာ သူမကို အနိုင်ကျင့်တဲ့ ကလေးမလေး ဆော့ကစားကွင်းကနေ ပြုတ်ကျတာ၊ သူမရဲ့ နောက်ကြောင်းကို လာပြောတဲ့ မိဘမဲ့ဂေဟာက သီလရှင်မကြီး လမ်းမှာ အသတ်ခံရတာ စတဲ့ ထူးဆန်းတဲ့ အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာပါတော့တယ်။

ဒီကားရဲ့ စိတ်ပူပန်စရာကောင်းတဲ့ အကွက်ကတော့ ကလေးမလေး Esther ရဲ့ ပါးနပ်မှုပါပဲ။ သူမဟာ ဖခင်ဖြစ်သူ ဂျွန် ရှေ့မှာတော့ သနားစရာ ကောင်းပြီး နာခံတတ်တဲ့ သမီးလေးအဖြစ် ဟန်ဆောင်ပြီး မိခင်ဖြစ်သူ ကိတ် ရှေ့မှာတော့ စိတ်ခြောက်ခြားစရာ ကောက်ကျစ်မှုတွေကို တမင်သက်သက် ပြသတတ်ပါတယ်။

ဒီလိုနဲ့ ကိတ်က Esther ရဲ့ နောက်ကွယ်က စိတ္တဇအပြုအမူတွေကို ရိပ်မိပြီး သံသယဝင်လာတဲ့အခါမှာတော့ ဂျွန်က ကိတ်ရဲ့ အတိတ်က အရက်စွဲခဲ့တဲ့ စိတ်ရောဂါအခြေအနေကြောင့် အမြင်မှားနေတာလို့ ထင်ပြီး ဇနီးဖြစ်သူကိုပဲ အပြစ်တင်ပါတော့တယ်။ ဗီလိန်ဖြစ်သူ ကလေးမလေးက လင်မယားနှစ်ယောက်ကြားကို သပ်လျှိုပြီး အိမ်သားတွေကို တစ်ယောက်ချင်းစီ ထိန်းချုပ် သွားပုံက ပရိသတ်ကို ကြည့်ရင်းနဲ့ အတော်လေး အားမလိုအားမရဖြစ်စေပါတယ်။

ဒီကားကို ညွှန်းရင် နောက်ဆုံးက Plot Twistကို လုံးဝချန်ထားလို့ မရပါဘူး။ ကိတ်တစ်ယောက် Esther ရဲ့ ဇာတိရုပ်အစစ်ကို သိဖို့ သူမ လာခဲ့တဲ့ ရုရှားက စိတ်ရောဂါဆေးရုံကို စုံစမ်းရင်းကနေ... ပရိသတ်တွေ လုံးဝ (လုံးဝ) ထင်မှတ်မထားတဲ့၊ တစ်ကားလုံးက သဲလွန်စတွေကို ဖြန့်ခင်းပြလိုက်သလို ဖြစ်သွားစေမယ့် "Ultimate Twist" ကြီး ပွင့်ထွက်လာပါတယ်။

အချုပ်ပြောရရင်တော့ Orphan ဇာတ်ကားဟာ လှည့်ကွက်စိပ်စိပ်နဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားမှုကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် မဖြစ်မနေ ကြည့်ရှုရမယ့် ထိပ်တန်း Psychological Thriller လက်ရာမွန် ဖြစ်ပါတယ်။ 

My Rating: 8.2 / 10

AP