ဒါရိုက်တာကြီး Tim Burton ရိုက်ကူးခဲ့တဲ့ "Planet of the Apes" (2001) ရုပ်ရှင်ဟာ Sci-Fi လောကမှာ အတော်လေး ဂယက်ထခဲ့ပြီး ဝေဖန်မှုမျိုးစုံ ကြုံတွေ့ခဲ့ရတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင် Sci-Fi ကားကြီးကို ပြန်လည်ရိုက်ကူး ထားတာဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ Caesar ရဲ့ Trilogyနဲ့ ဇာတ်လမ်းလိုင်း မတူပါဘူး။

ဇာတ်လမ်းကတော့ ၂၀၂၉ ခုနှစ်မှာ စတင်ပါတယ်။ အာကာသယာဉ်မှူး Leo Davidson (Mark Wahlberg) ဟာ အာကာသထဲမှာ လေ့ကျင့်ပေးထားတဲ့ ချင်ပန်စီမျောက်တစ်ကောင်ကို လွှတ်တင်ပြီး သုတေသနလုပ်နေရင်း သံလိုက်မုန်တိုင်းတစ်ခုနဲ့ တိုးမိသွားပါတယ်။ မျောက်လေးကို ကယ်တင်ဖို့ လိုက်သွားရင်း အချိန်လွဲချော်ကာ ထူးဆန်းတဲ့ ဂြိုဟ်တစ်ခုပေါ်ကို ပျက်ကျသွားပါတော့တယ်။

အဲဒီဂြိုဟ်ပေါ်မှာတော့ သူတို့ကမ္ဘာနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ စကားပြောနိုင်ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ မျောက်တွေက ဂြိုဟ်ကို အုပ်စိုးထားပြီး၊ လူသားတွေကတော့ မျောက်တွေရဲ့ ကျွန်ပြုခြင်းကို ခံနေရတာပါ။ Leo တစ်ယောက် အိမ်ပြန်လမ်းရှာဖို့ ကြိုးစားရင်း၊ လူသားတွေကို ကယ်တင်ဖို့အတွက် ရက်စက်တဲ့ မျောက်စစ်ဗိုလ်ချုပ် General Thade ကို ဘယ်လိုတော်လှန်တိုက်ခိုက်မလဲဆိုတာ ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကားရဲ့ အကောင်းဆုံးအပိုင်းကို ပြောပါဆိုရင် မျောက်ဝံတွေကိုအသုံးပြုတဲ့မိတ်ကပ်တွေပါပဲ။ CGI မသုံးဘဲ သရုပ်ဆောင်တွေကို တကယ့်မျောက်ဝံရုပ်ထွက်အောင် နာရီပေါင်းများစွာ အသေးစိတ် မိတ်ကပ်ပြင်ဆင်ပေးခဲ့တာဖြစ်ပြီး၊ မျောက်တွေရဲ့ မျက်နှာအမူအရာက တကယ့်ကို သဘာဝကျပြီး အသက်ဝင်လွန်းပါတယ်။

ဗီလိန် General Thade အဖြစ် သရုပ်ဆောင်တဲ့ Tim Roth ကတော့ အထူးချီးကျူးခံရပါတယ်။ သူ့ရဲ့ ကိုယ်နေဟန်ထား၊ အော်ဟစ်သံနဲ့ ရက်စက်တဲ့ အကြည့်တွေက တကယ့်မျောက်ရိုင်းတစ်ကောင်ရဲ့ ဗီဇကို ပီပြင်စွာ ထုတ်ပြနိုင်ခဲ့ပါတယ်။

 ဒီကားရဲ့ ဇာတ်သိမ်းပိုင်း (Twist) ကတော့ ရုပ်ရှင်လောကမှာ အတော်လေး ဝေဖန်ခံရပါတယ်။ ၁၉၆၈ မူရင်းကားရဲ့ ကမ္ဘာကျော်ဇာတ်သိမ်းကို မမှီတဲ့အပြင်၊ ယုတ္တိဗေဒအရ ဘယ်လိုမှ ရှင်းပြလို့မရတဲ့ အလှည့်အပြောင်းမျိုး လုပ်သွားခဲ့လို့ Sci-Fi ပရိသတ်တော်တော်များများကို စိတ်ပျက်စေခဲ့ပါတယ်။

အနှစ်ချုပ်ရရင် ၂၀၀၁ ခုနှစ်ထွက် Planet of the Apes ဟာ အနုပညာမြောက်တဲ့ မိတ်ကပ်လက်ရာတွေ၊ Actions အခန်းတွေကြောင့် ဖျော်ဖြေရေးအနေနဲ့ ကြည့်ရင်တော့ မဆိုးလှတဲ့ ကားတစ်ကားပါ။ ဒါပေမဲ့ မူရင်းဂန္ထဝင်ကားရဲ့ နိုင်ငံရေး၊ လူမှုရေးအရောင်အသွေးတွေနဲ့ အတွေးအခေါ်ပိုင်း နက်ရှိုင်းမှုကိုတော့ မမီဘဲ Visual ပိုင်းကိုပဲ ဦးစားပေးသွားခဲ့တဲ့ သာမန် Popcorn ရုပ်ရှင်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

My Rating: 6/10

AP