၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pleasantville ရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အမြင်အာရုံပိုင်းဆိုင်ရာ ဆန်းသစ်မှုအရှိဆုံးနဲ့ အတွေးပွားစရာ အကောင်းဆုံး Fantasy-Comedy Drama ကားတစ်ကားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါရိုက်တာ Gary Ross ရိုက်ကူးပြီး Tobey Maguire (Spider-Man မင်းသား) နဲ့ Reese Witherspoon တို့ အဓိကသရုပ်ဆောင်ထားတဲ့ ဒီကားဟာ လူသားတို့ရဲ့ ပြောင်းလဲလိုစိတ်၊ လွတ်လပ်မှုနဲ့ စိတ်ခံစားချက်တို့ရဲ့ အရေးပါပုံကို ရုပ်ရှင်အတတ်ပညာနဲ့ ပါးပါးနပ်နပ် တင်ပြထားပါတယ်။

ဇာတ်လမ်းက ၁၉၉၀ ပြည့်လွန်နှစ်တွေက ဆယ်ကျော်သက် မောင်နှမနှစ်ယောက်ဖြစ်တဲ့ David နဲ့  Jennifer တို့ကနေ စတင်ပါတယ်။ Davidဟာ လက်ရှိဘဝရဲ့ ရှုပ်ထွေးမှုတွေကို ငြီးငွေ့ပြီး ၁၉၅၀ ခုနှစ်တွေက "Pleasantville" ဆိုတဲ့ အဖြူအမည်း တီဗီစီးရီးဟောင်းလေးကို စွဲစွဲလန်းလန်း ကြည့်ရှုတတ်သူပါ။ Jennifer ကတော့ ပျော်ပျော်နေတတ်ပြီး ခေတ်ဆန်တဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။

တစ်နေ့မှာ သူတို့မောင်နှမနှစ်ယောက် တီဗီရီမု လုရင်းနဲ့ ထူးဆန်းတဲ့ တီဗီပြင်ဆင်သူတစ်ဦး ပေးခဲ့တဲ့ ရီမုကြောင့် တီဗီထဲက "Pleasantville" ကမ္ဘာထဲကို မှော်ဆန်စွာ ရောက်ရှိသွားကြပါတယ်။ သူတို့ဟာ အဲ့ဒီစီးရီးထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Bud နဲ့ Mary Sue အဖြစ် ဘဝပြောင်းသွားပြီး၊ အရာရာဟာ ပြီးပြည့်စုံနေတဲ့၊ အမြဲတမ်း ပျော်ရွှင်စရာကောင်းနေတဲ့၊ ဒါပေမဲ့ အဖြူအမည်းပဲ ရှိတဲ့ မြို့ကလေးမှာ နေထိုင်ကြရပါတော့တယ်။

Pleasantville ဟာ ရုပ်ရှင်အတတ်ပညာပိုင်းမှာ ဆန်းသစ်သလို၊ ဇာတ်လမ်းကလည်း ရယ်ရ၊ ငိုရ၊ တွေးတောရနဲ့ အနှစ်သာရရှိပါတယ်။ ပြီးပြည့်စုံတဲ့ဘဝဆိုတာ ပုံစံခွက်ထဲမှာ ငြိမ်နေတာ မဟုတ်ဘဲ၊ imperfect ဖြစ်ပေမဲ့ အရောင်အသွေးစုံစုံလင်လင်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ဘဝပဲ ဆိုတာကို ဒီရုပ်ရှင်က လှလှပပ တင်ပြသွားပါတယ်။ 

My Rating: 8.5 / 10

AP