Spider-Noir (2026) ဟာ Amazon Prime Video နဲ့ MGM+ ကနေ မကြာသေးခင်ကမှ တင်ဆက်လိုက်တဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ Live-action Superhero စီးရီးအသစ် ဖြစ်ပါတယ်။ ၈ ပိုင်းပါဝင်တဲ့ ဒီစီးရီးဟာ ရိုးရိုး Spider-Man ကားတွေနဲ့မတူဘဲ ၁၉၃၀ ပြည့်လွန်နှစ်တွေက စုံထောက် စတိုင်ကို အပြည့်အဝ အသက်သွင်းထားတာ ဖြစ်ပါတယ်။

ဒီစီးရီးဟာ ကျွန်တော်တို့ သိကြတဲ့ Peter Parker ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပါဘူး။ စီးပွားပျက်ကပ် ရောက်နေတဲ့ ၁၉၃၃ ခုနှစ် နယူးယောက်မြို့မှာ အခြေစိုက်ပါတယ်။ အသက်ကြီးပြီး ဘဝအဆင်မပြေဖြစ်နေတဲ့ ပုဂ္ဂလိကစုံထောက် Ben Reilly (Nicolas Cage) ဟာ အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် စူပါဟီးရိုးဝတ်စုံကို ချိတ်ဆွဲထားတာ ကြာပါပြီ။

ဒါပေမဲ့ မြို့ကို လွှမ်းမိုးထားတဲ့ ဂိုဏ်းစတားကြီး Silvermane ရဲ့ ကြိုးကိုင်မှုတွေ၊ ကလပ်အဆိုတော်မလေး Cat Hardy နဲ့ သူမရဲ့ သက်တော်စောင့် Flint Marko တို့ ပတ်သက်နေတဲ့ လူပျောက်မှု လျှို့ဝှက်ချက်တွေကို လိုက်လံစုံစမ်းရင်းနဲ့ Ben Reilly တစ်ယောက် သူ့ရဲ့ Spider identity ထဲကို ပြန်လည် နစ်မြုပ်ဝင်ရောက်သွားရပါတော့တယ်။

Into the Spider-Verse မှာ အသံနောက်ခံ လုပ်ပေးခဲ့တဲ့ မင်းသားကြီး Nicolas Cage ကိုယ်တိုင် Live-action အဖြစ် ပါဝင်လာတာဖြစ်ပြီး ဇာတ်လမ်းတစ်ကားလုံးကို သူတစ်ယောက်တည်းနဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။ စုံထောက်တစ်ယောက်ရဲ့ တည်ကြည်မှု၊ အတွေးနက်မှုတွေအပြင်၊ တစ်ခါတလေ Nicolas Cage စတိုင် ခပ်ကြောင်ကြောင် ခပ်ရူးရူး အပြုအမူတွေ ပါဝင်လို့ ကြည့်ရတာ အတော်လေး အရသာရှိပါတယ်။

အချုပ်ပြောရရင် "Spider-Noir" (2026) ဟာ မကြာသေးခင်နှစ်တွေအတွင်း ထွက်ရှိခဲ့သမျှ စူပါဟီးရိုးစီးရီးတွေထဲမှာ အဆန်းသစ်ဆုံးနဲ့ အဖန်တီးမှုအရှိဆုံး လက်ရာတစ်ခုပါ။ Multi-verse ဆိုတဲ့အယူအဆကို ပရိသတ် ငြီးငွေ့မသွားအောင် Creative အပြည့်နဲ့ ပုံဖော်ပြသွားနိုင်ပါတယ်။ အကယ်၍ သင်ဟာ စုံထောက်ကားတွေ ကြိုက်တယ်၊ Nicolas Cage ရဲ့ ပရိသတ် ဖြစ်တယ်၊ ပြီးတော့ ပုံစံခွက်ထဲက ခွဲထွက်ထားတဲ့ Spider-Man ဇာတ်လမ်းမျိုးကို မြင်ချင်တယ်ဆိုရင်တော့ ဒါဟာ မဖြစ်မနေ ကြည့်ရမယ့် စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။

My Rating: 9/10

AP