Stranger Things ဟာ Netflix ရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနဲ့ ပရိသတ်အများဆုံး ရရှိခဲ့တဲ့ Sci-Fi Horror & Mystery စီးရီး ဖြစ်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်ဟောင်းရုပ်ရှင်တွေရဲ့ အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနိုင်သလို၊ Dark စီးရီးလိုမျိုး အပြိုင်ကမ္ဘာပဟေဠိတွေ၊ The Umbrella Academy လိုမျိုး စွမ်းအားရှင်ကလေးငယ်တွေရဲ့ သံယောဇဉ်ကို စိတ်လှုပ်ရှားစရာ ပုံဖော်ထားတဲ့ လက်ရာမွန်တစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းက ၁၉၈၃ ခုနှစ်၊ အင်ဒီယားနားပြည်နယ်က "Hawkins" ဆိုတဲ့ တိတ်ဆိတ်တဲ့ မြို့ငယ်လေးတစ်ခုမှာ စတင်ပါတယ်။ တစ်နေ့မှာ Will Byers ဆိုတဲ့ ကလေးငယ်လေးတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ Will ရဲ့ သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ Mike, Dustin နဲ့ Lucas တို့ဟာ တောအုပ်ထဲမှာ Will ကို လိုက်ရှာရင်း ကတုံးကေနဲ့ စကားသိပ်မပြောတတ်တဲ့၊ ဆန်းကြယ်တဲ့ စိတ္တဇစွမ်းအားရှိတဲ့ Eleven (011) ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

Will ပျောက်ဆုံးမှုရဲ့ နောက်ကွယ်မှာ မြို့က အစိုးရလျှို့ဝှက်ဓာတ်ခွဲခန်း၊ အဲ့ဒီကနေ ပွင့်သွားတဲ့ "The Upside Down" လို့ခေါ်တဲ့ ကျောချမ်းစရာ အမှောင်ထုအပြိုင်စကြဝဠာနဲ့ သွေးဆာနေတဲ့ ဂြိုဟ်သားမိစ္ဆာကောင်တွေ ဆက်စပ်နေမှန်း သိလာရတဲ့အခါမှာတော့... ကလေးတစ်စု၊ ဆယ်ကျော်သက်တစ်သိုက်နဲ့ လူကြီးတွေ ပူးပေါင်းပြီး Hawkins မြို့ကလေးကို ကယ်တင်ဖို့ ကြိုးစားကြရပါတော့တယ်။

Stranger Things ဟာ ရိုးရိုး Monster ကား မဟုတ်ဘဲ သူငယ်ချင်းတွေကြားက သစ္စာတရား၊ မိသားစု အချစ်နဲ့ စွန့်စားခန်းတွေကို ဖျော်ဖြေရေးရသ အပြည့်အဝ ပေးနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ Sci-Fi Horror တွေကို ခေတ်ဟောင်း အငွေ့အသက်လေးနဲ့ အပိုင်းတိုင်း ရင်တဖိုဖို စောင့်ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် လုံးဝ မလွတ်တမ်း ကြည့်သင့်တဲ့ စီးရီးအဖြစ် ညွှန်းဆိုပါရစေ။

My Rating: 9.2 / 10

AP