The Last of Us ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဂိမ်းလောကသားတွေတင်မကဘဲ ရုပ်ရှင်ချစ်သူတွေပါ အသည်းစွဲဖြစ်ခဲ့ရတဲ့ Post-Apocalyptic Drama ဇာတ်လမ်းတွဲကြီး ဖြစ်ပါတယ်။ မူရင်း PlayStation ဂိမ်းရဲ့ ဖန်တီးရှင် Neil Druckmann နဲ့ Chernobyl စီးရီးကို ရိုက်ကူးခဲ့တဲ့ Craig Mazin တို့ ပူးပေါင်းပြီး HBO ကနေ ပုံဖော်ပေးခဲ့တာပါ။

Cordyceps လို့ခေါ်တဲ့ ဦးနှောက်ကို ထိန်းချုပ်နိုင်တဲ့ မှိုပိုးတစ်မျိုး ကမ္ဘာပေါ်မှာ လျင်မြန်စွာ ကူးစက်ပြန့်ပွားပြီး လူသားထု ကြီးမားစွာ ပျက်သုဉ်းခဲ့ရပါတယ်။ ပိုးကူးစက်ခံရသူတွေဟာ သွေးဆာနေတဲ့ သတ္တဝါဆိုး တွေ ဖြစ်ကုန်ကြပါတယ်။

ဒီကပ်ဆိုးကြီးဖြစ်ပွားပြီး အနှစ် ၂၀ အကြာမှာတော့ သမီးဖြစ်သူ သေဆုံးမှုကို ရင်ထဲမှာ ဒဏ်ရာအဖြစ် သယ်ဆောင်ထားရတဲ့ မှောင်ခိုသမား Joel ဟာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး Ellie ကို စစ်တပ်ရဲ့ ကန့်သတ်နယ်မြေ ထဲကနေ Fireflies လို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့ဆီ အရောက် ပို့ဆောင်ပေးဖို့ အလုပ်တစ်ခု လက်ခံခဲ့ရပါတယ်။ အကြောင်းရင်းကတော့ Ellie ဟာ ဒီမှိုပိုးကို သဘာဝအလျောက် ကာကွယ်နိုင်စွမ်း  ရှိတဲ့ တစ်ဦးတည်းသော လူသားဖြစ်နေပြီး ကမ္ဘာကြီးအတွက် ကာကွယ်ဆေးထုတ်ဖို့ မျှော်လင့်ချက် ဖြစ်နေလို့ပါပဲ။ အန္တရာယ်များလှတဲ့ အမေရိကန်ပြည်ထောင်စုတစ်ခွင်ကို ဖြတ်သန်းရင်း သူတို့နှစ်ဦးကြားက သံယောဇဉ် ဘယ်လိုတိုးလာမလဲဆိုတာကို ရင်နင့်စရာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

The Last of Us ဟာ သာမန် Zombie ကမ္ဘာပျက်ကားတွေထက် အဆင့်အတန်း အများကြီး ပိုမြင့်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ Joel ရဲ့ ဆုံးဖြတ်ချက်က "လူသားဆန်မှု " နဲ့ "တစ်ကိုယ်ကောင်းဆန်တဲ့ အချစ် " ကြား ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကို ပရိသတ်တွေအချင်းချင်း ငြင်းခုံရလောက်အောင်ကို မေးခွန်းထုတ် ရိုက်ခတ်သွားစေပါတယ်။ ဂိမ်းမကစားဖူးသူတွေပါ မဖြစ်မနေ ကြည့်သင့်တဲ့ လက်ရာမွန် တစ်ခု ဖြစ်ပါတယ်။

My Rating: 9/10

AP