The Man in the High Castle ဟာ Amazon Prime Video ရဲ့ သမိုင်းမှတ်တိုင်တစ်ခုလို့ ပြောလို့ရမယ့်  Sci-Fi Thriller အမျိုးအစား စီးရီး ဖြစ်ပါတယ်။

စာရေးဆရာ Philip K. Dick ရဲ့ ၁၉၆၂ ခုနှစ်ထွက် နာမည်ကြီး သိပ္ပံဝတ္ထုကို အခြေခံထားပြီး၊ "တကယ်လို့ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေ ရှုံးနိမ့်ပြီး ဂျာမနီနဲ့ ဂျပန်တို့ နိုင်သွားခဲ့ရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ" ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ "What if" မေးခွန်းအပေါ် ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိက အချက်ကတော့ တော်လှန်ရေးသမားတွေကြားမှာ တိတ်တဆိတ် ပျံ့နှံ့နေတဲ့ "The Grasshopper Lies Heavy" လို့ ခေါ်တဲ့ လျှို့ဝှက်ရုပ်ရှင်ဖလင်လိပ်တွေပါပဲ။ အဲ့ဒီ ဖလင်လိပ်တွေထဲမှာ "မဟာမိတ်တပ်တွေ စစ်နိုင်သွားတဲ့ အမှန်တရား" ကို ပြသထားပါတယ်။

ဒါကြောင့် ဇာတ်ကောင်တွေဟာ ဒီဖလင်လိပ်တွေကို ဘယ်သူက ရိုက်ကူးခဲ့တာလဲ၊ တကယ်ပဲ တခြားစကြဝဠာ (Parallel Universe/Multiverse) ရှိနေတာလားဆိုတဲ့ ပဟေဠိကို လိုက်လံဖော်ထုတ်ရင်း ဇာတ်ရှိန် မြင့်တက်လာပါတယ်။ ဒီအချက်က ရိုးရိုးစစ်ကား/နိုင်ငံရေးကား မဟုတ်ဘဲ Sci-Fi အရသာကိုပါ ရရှိစေတာပါ။

ချုပ်ပြောရရင် Season ၁ ကနေ ၄ အထိ အပိုင်းပေါင်း ၄၀ နဲ့ ဇာတ်လမ်းကို အဆုံးသတ်ပေးခဲ့တဲ့ စီးရီး ဖြစ်ပါတယ်။ အစပိုင်းမှာ နိုင်ငံရေး ကစားကွက်တွေနဲ့ ဇာတ်အနည်းငယ် အေးတယ်လို့ ထင်ရပေမဲ့၊ နောက်ပိုင်းရောက်လာတာနဲ့အမျှ စကြဝဠာအပြိုင် အကြောင်းတွေ ဝင်လာပြီး ပိုမို စိတ်လှုပ်ရှားဖို့ ကောင်းလာပါတယ်။

သမိုင်းကြောင်း နောက်ခံတွေကို တွေးတောရတာ ဝါသနာပါပြီး၊ စိတ်ကူးစိတ်သန်း ဆန်းသစ်တဲ့ High-concept Mystery/Sci-Fi တွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် လက်မလွှတ်သင့်တဲ့ လက်ရာမွန်တစ်ခု ဖြစ်ပါတယ်။

My Rating: 8.2 / 10

AP