The Secret World of Arrietty (2010) ဟာ နာမည်ကြီး Studio Ghibli က ထုတ်လုပ်ပြီး ဒါရိုက်တာ Hiromasa Yonebayashi ရိုက်ကူးကာ ဆရာကြီး Hayao Miyazaki ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Anime ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ Mary Norton ရဲ့ "The Borrowers" ဆိုတဲ့ ကလေးဝတ္ထုကို အခြေခံပြီး Ghibli စတိုင် အလှပဆုံး ပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီကားဟာ အက်ရှင်အလှည့်အပြောင်းတွေထက် Ghibli ရဲ့ ထုံးစံအတိုင်း "အေးချမ်းမှု၊ သဘာဝတရားရဲ့ အလှအပနဲ့ ရင်နင့်စရာ သံယောဇဉ်" ကို ဦးစားပေး ဖော်ကျူးထားတဲ့ ဖြည်းဖြည်းချင်း စီးမျောရမယ့် လက်ရာမျိုး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လူသားတွေရဲ့ အိမ်အောက်ခြေ ကြမ်းပြင်ကြားမှာ လူမသိသူမသိ လျှို့ဝှက်နေထိုင်ကြတဲ့ အရွယ်အစား လက်မလောက်သာရှိတဲ့ "Borrowers" လို့ခေါ်တဲ့ လူပုလေးမျိုးနွယ်စုအကြောင်း ဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ် Arrietty ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ မိဘနှစ်ပါးနဲ့အတူ လူသားတွေမရိပ်မိအောင် သကြားတုံးလေးတွေ၊ တစ်ရှူးတွေ၊ အပ်ချုပ်အပ်လေးတွေကို လူအိမ်ထဲကနေ လိုသလောက်လေးသာ "ချေးငှား" ရင်း ရှင်သန်ကြပါတယ်။ သူတို့ရဲ့ အဓိက စည်းကမ်းကတော့ "လူသားတွေအမြင်ခံရရင် အိမ်ပြောင်းရမယ်" ဆိုတာပါပဲ။
တစ်နေ့မှာတော့ ထိုအိမ်ကြီးဆီကို နှလုံးရောဂါအခံရှိလို့ အနားယူဖို့ ရောက်လာတဲ့ Sho ဆိုတဲ့ လူသားကောင်လေးတစ်ယောက် ရောက်လာပါတယ်။ Arrietty တစ်ယောက် ပထမဆုံးအကြိမ် ပစ္စည်းထွက်ငှားတဲ့ညမှာပဲ Sho ရဲ့ မြင်ကွင်းထဲ ရောက်သွားခဲ့ရာကနေ... မတူညီတဲ့ ကမ္ဘာနှစ်ခုက သက်ရှိနှစ်ဦးကြားမှာ ထူးခြားပြီး နွေးထွေးတဲ့ သံယောဇဉ်တစ်ခု စတင်ပုံဖော်လာပါတော့တယ်။
Ghibli ရဲ့ အနုပညာဟာ ဒီကားမှာ အထွတ်အထိပ် ရောက်ပါတယ်။ ကျွန်တော်တို့ ပုံမှန်မြင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ကို လူပုလေးတွေရဲ့ အမြင်နဲ့ ပြန်ရိုက်ပြထားတာ တော်တော်လေး ဆန်းသစ်ပါတယ်။ ဥပမာ- သစ်ရွက်ပေါ်က ကျလာတဲ့ ရေစက်ကြီးတစ်စက်ရဲ့ အရွယ်အစား၊ ကလစ်အသေးလေးတစ်ခုကို ဆံပင်ကလစ်အဖြစ် သုံးထားတာ၊ အပ်တစ်ချောင်းကို ဓားတစ်လက်လို ကိုင်ဆောင်တာတွေကအစ အသေးစိတ် စိတ်ကူးယဉ် ဆန်းသစ်မှုတွေ ပြည့်နှက်နေပါတယ်။ Background တွေဟာလည်း လက်နဲ့ဆွဲထားတဲ့ ရေဆေးပန်းချီကားတွေအတိုင်း အရမ်းကို စိုပြည်လှပပါတယ်။
ဒီရုပ်ရှင်ရဲ့ အသက်ဟာ Audio Design လို့ ပြောလို့ရပါတယ်။ ငလက်မလေးတွေရဲ့ ကမ္ဘာမှာ သာမန် နာရီတစ်လုံးရဲ့ စက္ကန့်သံဟာ မိုးခြိမ်းသံလို ကျယ်လောင်နေပြီး၊ သကြားလုံးတစ်တုံး ချလိုက်တဲ့အသံကအစ တုန်ခါမှုအပြည့် ရှိနေတာကို Sound Effects တွေနဲ့ အပီအပြင် ဖန်တီးထားပါတယ်။ ပြင်သစ်အဆိုတော် Cécile Corbel ဖန်တီးပေးထားတဲ့ "Arrietty's Song" အပါအဝင် Celtic Folk ဂီတနောက်ခံတွေက ဇာတ်ကားကို ပိုပြီး ဒဏ္ဍာရီဆန်ဆန် လှပစေပါတယ်။
အနှစ်ချုပ်ပြောရရင်တော့ The Secret World of Arrietty ဟာ စိတ်မောလူမော ဖြစ်စရာတွေ ကြုံနေရတဲ့ အချိန်မျိုးမှာ စိတ်ကူးယဉ် ကမ္ဘာငယ်လေးတစ်ခုထဲ နာရီဝက်၊ တစ်နာရီခွဲလောက် ဝင်ရောက် ပုန်းအောင်းပြီး စိတ်အပန်းဖြေဖို့ အကောင်းဆုံး ရုပ်ရှင်မျိုး ဖြစ်ပါတယ်။ အသက်အရွယ်မရွေး ကြည့်ရှုနိုင်ပြီး Ghibli ရဲ့ Visual ပိုင်း လက်ရာမြောက်မှုကို အပြည့်အဝ ခံစားရမယ့် Animation ကားကောင်းတစ်ကား ဖြစ်တာကြောင့် မဖြစ်မနေ ကြည့်ရှုဖို့ ညွှန်းဆိုပါရစေ။
My Rating: 9 / 10
AP
Comments: