The Silence (2019) ကတော့ Netflix ကနေ ဖြန့်ချိခဲ့တဲ့ Post-Apocalyptic Horror အမျိုးအစား ဖြစ်ပါတယ်။ Chilling Adventures of Sabrina စီးရီးထဲက မင်းသမီး Kiernan Shipka နဲ့ မင်းသား Stanley Tucci တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားဟာ နာမည်ကြီးဇာတ်ကား A Quiet Place (2018) နဲ့ Plot ချင်း တော်တော်လေးဆင်တူနေလို့ အတုခိုးကား လို့ အပြောခံခဲ့ရဖူးပါတယ်။ တကယ်တော့ ဒီကားက ၂၀၁၅ မှာထွက်ခဲ့တဲ့ စာရေးဆရာ Tim Lebbon ရဲ့ လုံးချင်းဝတ္ထုကို ပြန်ရိုက်ထားတာမို့ အတုခိုးထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုက်ကူးတင်ဆက်ပုံမှာတော့ A Quiet Place ကို မမှီခဲ့ပါဘူး။
ဇာတ်လမ်းက ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ကမ္ဘာ့မြေအောက်လိုဏ်ဂူတစ်ခုကို မတော်တဆတူးဖော်မိရာကနေ နှစ်သန်းပေါင်းများစွာ ပိတ်မိနေတဲ့ "Vesps" လို့ခေါ်တဲ့ အမြင်အာရုံမရှိ၊ အသံကိုပဲအခြေခံပြီး အမဲလိုက်တဲ့ သမိုင်းမတင်မီခေတ်က လင်းနို့ဆန်ဆန် သတ္တဝါဆိုးတွေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာပါတော့တယ်။
ဒီသတ္တဝါတွေဟာ အသံကြားတာနဲ့ လူတွေကို အုပ်စုလိုက် ဝိုင်းအုံကိုက်သတ်ကြတာမို့ တစ်ကမ္ဘာလုံး ကမောက်ကမဖြစ်ပြီး လူဦးရေ သန်းနဲ့ချီ သေဆုံးကုန်ကြပါတယ်။
အဓိကဇာတ်ကောင် Ally Andrews ကတော့ လွန်ခဲ့တဲ့ ၃ နှစ်က မတော်တဆမှုတစ်ခုကြောင့် နားမကြားတော့တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးပါ။ သူမရဲ့မိသားစုဟာ လက်ဟန်ခြေဟန်ပြစကား ကို တတ်မြောက်ထားကြတဲ့အတွက် အသံမထွက်ဘဲ ဆက်သွယ်ဖို့ အခွင့်အရေးသာခဲ့ပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူ Hugh က ဦးဆောင်ပြီး ဒီကပ်ဆိုးကြီးကနေလွတ်အောင် အသံတိတ်ဆိတ်တဲ့ ဒေသတွေဆီကို မိသားစုလိုက် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီလို "အသံမထွက်ရ" တဲ့ ဇာတ်ကားမျိုးမှာ ပရိသတ်ကို အသက်ရှူအောင့်ပြီး ကြည့်ရလောက်မယ့် ရင်တထိတ်ထိတ်ဖြစ်မှုမျိုး ပေးနိုင်ရပါမယ်။ ဒါပေမဲ့ ဒါရိုက်တာဟာ ဇာတ်ရှိန်မြှင့်တင်တဲ့နေရာမှာ အားနည်းခဲ့ပြီး ဇာတ်ကွက်တွေက ပုံမှန်အတိုင်း ပျင်းစရာကောင်းအောင် စီးဆင်းသွားပါတယ်။ "အသံမထွက်ရဘူး" လို့ သတင်းတွေက အထပ်ထပ်သတိပေးနေတာတောင် သေနတ်ကို မလိုအပ်ဘဲ မိုးပေါ်ထောင်ပစ်တာ၊ ခွေးဟောင်တာကို မထိန်းချုပ်နိုင်တာ စတဲ့ အဓိပ္ပာယ်မရှိတဲ့ အမှားမျိုးတွေကို ဇာတ်ကောင်တွေက ခဏခဏလုပ်ပြသွားပါတယ်။
The Silence (2019) ဟာ သတ္တဝါဆိုး horror တွေကိုမှ အချိန်ဖြုန်းရုံ သာမန်ကာလျှံကာ ကြည့်ချင်သူတွေအတွက်တော့ ကြည့်ပျော်ရုံ ရှိပါတယ်။ ဒါပေမဲ့ ပိုမိုကောင်းမွန်ပြီး စေ့စပ်သေချာတဲ့ A Quiet Place သို့မဟုတ် Bird Box တို့လို ဇာတ်ကားမျိုးတွေကို ကြည့်ဖူးထားတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်ကို စိတ်ပျက်စေပါလိမ့်မယ်။
My Rating: 5.5 / 10
AP
Comments: