The Wolf and the Lion (2021) ရုပ်ရှင်ဟာ ပြင်သစ်ဒါရိုက်တာ Gilles de Maistre ရိုက်ကူးထားတဲ့ မိသားစုကြည့်ရှုဖို့ သင့်တော်တဲ့ Drama အမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ CGI အထူးပြုလုပ်ချက်တွေကို အသုံးမပြုဘဲ တကယ့် ဝံပုလွေနဲ့ ခြင်္သေ့ပေါက်လေးတွေကို ငယ်စဉ်ကတည်းက အတူတူတွဲပြီး မွေးမြူရိုက်ကူးထားတာ ဖြစ်လို့ တိရစ္ဆာန်ချစ်သူတွေအကြား ရေပန်းစားခဲ့ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် Alma (Molly Kunz) ဟာ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အဖိုးဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ကနေဒါတောနက်ထဲက သီးခြားကျွန်းလေးတစ်ကျွန်းပေါ်မှာရှိတဲ့ အဖိုးဖြစ်သူရဲ့ အိမ်လေးဆီကို ပြန်လာခဲ့ပါတယ်။

ထိုအချိန်မှာပဲ ကံဆိုးမိုးမှောင်ကျပြီး ဆပ်ကပ်အဖွဲ့ဆီ အပို့ခံရမယ့် ခြင်္သေ့ပေါက်လေး (Dreamer) တစ်ကောင် လေယာဉ်ပျက်ကျမှုကြောင့် အဖိုးဖြစ်သူရဲ့ ကျွန်းပေါ်ကို ရောက်ရှိလာသလို၊ အဖိုးဖြစ်သူနဲ့ ရင်းနှီးခဲ့တဲ့ ဝံပုလွေမကြီးရဲ့ သားပေါက်လေး (Mozart) လည်း ရောက်ရှိလာပါတယ်။ ဒါနဲ့ပဲ Alma ဟာ တိရစ္ဆာန်ပေါက်လေး နှစ်ကောင်လုံးကို ခေါ်ယူပြီး မိခင်တစ်ယောက်လို ပြုစုစောင့်ရှောက်ရင်း သူတို့သုံးဦးဟာ မိသားစုတစ်ခုလို သံယောဇဉ်တွေ နက်ရှိုင်းလာပါတော့တယ်။

ဒါပေမဲ့ Alma မတော်တဆ မှုဖြစ်ပြီး ဆေးရုံရောက်နေတဲ့အချိန် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ဆပ်ကပ်အဖွဲ့က တိရစ္ဆာန်လေးနှစ်ကောင်ကို ခွဲထုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ အဲဒီနောက်မှာတော့ ညီအစ်ကိုတွေလို ချစ်ကြတဲ့ ဝံပုလွေနဲ့ ခြင်္သေ့တို့ဟာ တစ်ယောက်ကိုတစ်ယောက် ပြန်လည်ရှာဖွေဖို့ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားကြတဲ့အခါမှာတော့...။

ဒီကားရဲ့ အကောင်းဆုံးအပိုင်းက ခြင်္သေ့နဲ့ ဝံပုလွေတို့ရဲ့ အပြန်အလှန် တုံ့ပြန်မှုတွေပါ။ ကင်မရာနောက်ကွယ်မှာ တကယ်ပဲ ၅ ပတ်သား အရွယ်ကတည်းက အတူတူမွေးမြူခဲ့တာဖြစ်လို့ သူတို့နှစ်ကောင် ကြည်စယ်နေကြတဲ့ အခန်းတွေဟာ အရမ်းကို သဘာဝကျပြီး ချစ်ဖို့ကောင်းပါတယ်။ ပြီးတော့ ကနေဒါနိုင်ငံရဲ့ သဘာဝတောတောင်အလှ၊ သစ်တောတွေနဲ့ ရေကန်ကြီးတွေရဲ့ ရှုခင်းတွေကို Sweeping Shots တွေနဲ့ အလှပဆုံး ရိုက်ကူးပြထားတာမို့ မျက်စိပသာဒ ဖြစ်စေပါတယ်။

လိုအပ်ချပ်အနေနဲ့ဆိုရင် တိရစ္ဆာန်လေးတွေရဲ့ အခန်းတွေက စွဲမက်ဖို့ကောင်းပေမဲ့ လူသားဇာတ်ဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ ဇာတ်ကွက်ချိတ်ဆက်မှုတွေက အနည်းငယ် စိတ်ပျက်စရာကောင်းပါတယ်။ ဇာတ်ကောင်တွေရဲ့ ဆုံးဖြတ်ချက်တွေက ယုတ္တိမတန်တာမျိုးနဲ့ ဆပ်ကပ်ပိုင်ရှင်တွေရဲ့ ဗီလိန်ဆန်မှုက လုပ်ယူလွန်းသလို ခံစားရပါတယ်။

The Wolf and the Lion ဟာ ဇာတ်လမ်းပိုင်းအရ တစ်မိသားစုလုံး စိတ်အပန်းပြေပြေနဲ့ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ သဘာဝအပြုအမူတွေကို ငေးမောကြည့်ရှုရမယ့် ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။

My Rating: 6 / 10

AP