၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Syfy Channel မှာ ပြသခဲ့တဲ့ Warehouse 13 ဟာ Sci-Fi ၊ သမိုင်းကြောင်းဆိုင်ရာ ဒဏ္ဍာရီတွေနဲ့ ဟာသကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုး ဖြစ်ပါတယ်။

ဒီကားဟာ သာမန် ဂြိုဟ်သားတွေ၊ အာကာသယာဉ်တွေအကြောင်း မဟုတ်ဘဲ၊ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲကနေ သဘာဝလွန်စွမ်းအင်တွေ ထွက်ပေါ်လာတာကို လိုက်လံသိမ်းဆည်းရတဲ့ ထူးခြားဆန်းသစ်တဲ့ Concept ကြောင့် စတင်ပြသချိန်မှာတင် Syfy ရဲ့ ကြည့်ရှုသူအများဆုံး Top Series ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းက အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်နှစ်ဦးဖြစ်တဲ့ Pete Lattimer နဲ့ Myka Bering တို့ဟာ သူတို့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် South Dakota ရဲ့ ဆိတ်ငြိမ်တဲ့ ကန္တာရထဲမှာ တည်ရှိတဲ့ "Warehouse 13" ဆိုတဲ့ အစိုးရရဲ့ လျှို့ဝှက်စခန်းတစ်ခုဆီကို မထင်မှတ်ဘဲ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံရပါတယ်။

ဒီစခန်းရဲ့ တာဝန်ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ "Artifacts" လို့ခေါ်တဲ့ သဘာဝလွန် စွမ်းအားတွေ ကိန်းအောင်းနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်လံရှာဖွေ၊ တားဆီးပြီး ဘေးကင်းတဲ့ ဂိုဒေါင်ကြီးထဲမှာ လာရောက်သိမ်းဆည်းဖို့ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တွေ (ဥပမာ - သောမတ်စ် အက်ဒီဆင်၊ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်၊ မာရီလင်မွန်ရိုး) ရဲ့ စိတ္တဇခံစားချက် သို့မဟုတ် ပြင်းထန်တဲ့ စွမ်းအင်တွေ စီးဝင်သွားရာကနေ ထူးဆန်းတဲ့ စွမ်းအားတွေ ရရှိနေကြတာပါ။ သူတို့ကို ဂိုဒေါင်ထိန်းသိမ်းသူ Artie Nielsen ရဲ့ လမ်းညွှန်မှု၊ စက်မှုပါရမီရှင်မလေး Claudia Donovan တို့ရဲ့ ကူညီမှုနဲ့အတူ အေးဂျင့်နှစ်ဦးဟာ ကမ္ဘာပျက်ကပ်တွေ မဖြစ်အောင် လိုက်လံထိန်းသိမ်းကြရပါတော့တယ်။

ဒီ Series ရဲ့ အဓိက ဆွဲဆောင်မှုက အပိုင်းတိုင်းမှာ ထွက်ပေါ်လာတဲ့ Artifact တွေပါပဲ။ ဥပမာ - Lewis Carroll ရဲ့ မှန်ပြင် (မှန်ထဲကို လူပိတ်မိပြီး စုန်းမထွက်လာတတ်တာ)၊ Abraham Lincoln ရဲ့ ထုပ်ဦးထုပ် (ဆောင်းလိုက်ရင် အမှန်အတိုင်းပဲ ပြောရတာ)၊ Nikola Tesla ရဲ့ လျှပ်စစ်သေနတ် (Farnsworth) စတာတွေကို စိတ်ကူးယဉ်ဆန်ဆန် တွေ့မြင်ရမှာပါ။ သမိုင်းကြောင်းကို Sci-Fi အမြင်နဲ့ လှည့်ပတ်ပုံဖော်ထားတာကြောင့် သမိုင်းနဲ့ သိပ္ပံဝါသနာအိုးတွေအတွက် အကြိုက်တွေ့စရာ ဖြစ်ပါတယ်။

Warehouse 13 ဟာ  Indiana Jones စတိုင် သဘာဝလွန်ရှာဖွေရေးကားတွေကို Sci-Fi ပုံစံနဲ့ သဘောကျတဲ့သူတွေအတွက် အလွန်ကွင်းဆက်မိစေမယ့် Series ကောင်းတစ်ခု ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သွေးသံရဲရဲတွေမပါဘဲ မိသားစုအကုန်လုံး ပျော်ပျော်ပါးပါး ထိုင်ကြည့်လို့ရမယ့် Adventure Sci-Fi ကားမျိုး ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားကို စတင်ကြည့်ရှုဖို့ လက်ညှိုးညွှန်ပါရစေ။

My Rating 8/10

AP