လူတစ်ယောက်ရဲ့ မာနနဲ့ လောဘက သူ့ရဲ့ ကံကြမ္မာကို ဘယ်လောက်ထိ အမှောင်ထုထဲ ဆွဲနှစ်နိုင်သလဲဆိုတာကို ရိုက်ပြထားတဲ့ 1922 ဟာ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားဖွယ်ရာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Netflix ကနေ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Zak Hilditch က ရိုက်ကူးပုံဖော်ထားတာပါ။

ဒီဇာတ်ကားဟာ ကမ္ဘာကျော် သည်းထိတ်ရင်ဖို စာရေးဆရာကြီး Stephen King ရဲ့ ၂၀၁၀ ပြည့်နှစ်ထွက် Full Dark, No Stars စာအုပ်ထဲမှာပါဝင်တဲ့ အမည်တူ နိုဗယ်လာ (Novella) စာအုပ်တိုလေးကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ Stephen King ရဲ့ ဝတ္ထုအများစုလိုပဲ လူတွေရဲ့ စိတ်အတွင်းပိုင်းက အမှောင်ထုနဲ့ စိတ္တဇဆန်တဲ့ အပြစ်ရှိစိတ်တွေကို သေချာခြယ်မှုန်းထားတာကြောင့် စာဖတ်ပရိသတ်တွေကြားမှာတင်မကဘဲ ရုပ်ရှင်ချစ်သူတွေကြားမှာပါ တအံ့တဩ ချီးကျူးခံခဲ့ရတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် လယ်သမားကြီး Wilfred James အဖြစ် မင်းသား Thomas Jane က အပြစ်ဆိုဖွယ်မရှိအောင် သရုပ်ဆောင်ထားပြီး ဇနီးဖြစ်သူ Arlette အဖြစ် Molly Parker နဲ့ သားဖြစ်သူ Henry အဖြစ် Dylan Schmid တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းလေးကတော့ ၁၉၂၂ ခုနှစ် နီဘရက်စကာပြည်နယ်က ဧက၁၀၀ကျော် ကျယ်ဝန်းတဲ့ လယ်ကွင်းပြင်ကြီးထဲမှာ စတင်ခဲ့တာပါ။ လယ်သမားကြီး Wilfred ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ လယ်ယာမြေကို အသက်ထက်မက မြတ်နိုးသူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဇနီး Arlette ကတော့ ဒီတောရွာမှာ မနေချင်တော့ဘဲ အမွေရထားတဲ့ မြေကွက်တွေကို ရောင်းချပြီး မြို့ကြီးပြကြီးကို ပြောင်းရွှေ့ချင်နေပါတယ်။ မြေကွက်မရောင်းချင်တဲ့ Wilfred ဟာ ဇနီးဖြစ်သူကို သတ်ဖြတ်ဖို့ သူ့ရဲ့ ၁၄ နှစ်အရွယ် သားဖြစ်သူ Henry ကိုပါ မှိုင်းတိုက်ပြီး ပူးပေါင်းကြံစည်စေခဲ့ပါတယ်။

သူတို့ရဲ့ ယုတ်မာတဲ့ အကြံအစည် အောင်မြင်သွားပြီး ဇနီးဖြစ်သူရဲ့ အလောင်းကို ရေတွင်းဟောင်းထဲ စွန့်ပစ်လိုက်ချိန်မှာတော့ ပြဿနာတွေက ပြီးဆုံးမသွားဘဲ စတင်လာခဲ့တာပါ။ မိခင်ဖြစ်သူကို သတ်ခဲ့တဲ့ အပြစ်ရှိစိတ်က သားဖြစ်သူရဲ့ ဘဝကို တဖြည်းဖြည်း ပျက်စီးစေခဲ့သလို၊ Wilfred ရဲ့ ပတ်ဝန်းကျင်မှာလည်း စိတ္တဇဆန်တဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ ကြွက်ကြီးတွေ စတင်ခြောက်လှန့်လာပါတော့တယ်။ ဇာတ်ကားရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သဘာဝလွန် သရဲနတ်မိစ္ဆာတွေထက် မိမိပြုခဲ့တဲ့ မကောင်းမှု ကံကြမ္မာရဲ့ ဖိစီးမှုနဲ့ အပြစ်ရှိစိတ် က လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဘယ်လိုမျိုး အတွင်းလှိုက်ပြီး ပြာကျသွားအောင် လောင်မြိုက်စေသလဲဆိုတာကို သေချာဆွဲခေါ်သွားတာပဲ ဖြစ်ပါတယ်။

ချုပ်ပြောရရင် 1922 ဟာ ရိုးရိုးရှင်းရှင်း သရဲကားမဟုတ်ဘဲ လူတွေရဲ့ လောဘ၊ မာနနဲ့ အပြစ်ရှိစိတ်တို့က ဖန်တီးလိုက်တဲ့ ငရဲခန်းအကြောင်းကို ရိုက်ပြထားတဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါ။

Stephen King ရဲ့ မူရင်းဝတ္ထုတွေကို နှစ်သက်သူတွေ၊ ဇာတ်လမ်းအေးအေးနဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုကို ဦးတည်တဲ့ Slow-burn Drama/Horror အမျိုးအစား ကြိုက်နှစ်သက်သူတွေအတွက်တော့ လက်မလွှတ်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

My Rating: 6.5/10

AP