၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင်ဇွန်ဘီကား 28 Days Later ရဲ့ အဆက်အဖြစ် ၂၀၀၇ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ 28 Weeks Later ဟာ ရှေ့ကားရဲ့ ဒါရိုက်တာ Danny Boyle နေရာမှာ Juan Carlos Fresnadillo က ပြောင်းလဲရိုက်ကူးခဲ့ပြီး၊ ရှေ့ကားထက် ပိုမိုကြီးမားတဲ့ ဘတ်ဂျက်၊ ပိုမိုပြင်းထန်တဲ့ Action ပြကွက်တွေနဲ့ ပရိသတ်ကို ထိတ်လန့်ခြောက်ခြားစေခဲ့တဲ့ Sci-Fi Horror/Action နောက်ဆက်တွဲ ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ရှေ့ကားက ကမ္ဘာပျက်ကပ်ဘေးကြားက "ရှင်သန်ရုန်းကန်ရမှု" ကို အသားပေးခဲ့ရင် ဒီဒုတိယကားကတော့ ကပ်ဘေးအပြီး "ပြန်လည်ထူထောင်ရေး" ပျက်စီးသွားပုံကို စိတ်လှုပ်ရှားဖွယ် ပုံဖော်ထားပါတယ်။
ဇာတ်လမ်းက Rage Virus စတင်ပြန့်ပွားခဲ့ပြီး ၂၈ ပတ်အကြာမှာတော့ ဗြိတိန်ကျွန်းပေါ်က ကူးစက်ခံရသူ ဇွန်ဘီအားလုံးဟာ အစာရေစာပြတ်လပ်ပြီး သေဆုံးကုန်ကြပါပြီ။ ဗိုင်းရပ်စ် ကင်းစင်သွားပြီလို့ ယူဆရတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့ နေတိုး (NATO) စစ်တပ်ဟာ လန်ဒန်မြို့ရဲ့ နေရာတစ်ခုမှာ တင်းကျပ်တဲ့ လုံခြုံရေးဇုန် တစ်ခု တည်ဆောက်ပြီး လွတ်မြောက်လာတဲ့ ဗြိတိသျှပြည်သူတွေကို ပြန်လည်နေရာချထားပေးပါတော့တယ်။
အဲဒီ Green Zone ထဲကို ကပ်ဘေးအစပိုင်းမှာ ဇနီးဖြစ်သူ Alice ကို ပစ်ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဖခင် Don နဲ့ သူ့ရဲ့ သားသမီးနှစ်ယောက်ဖြစ်တဲ့ Tammy နဲ့ Andy တို့ ပြန်လည်ဆုံတွေ့ကြပါတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်ဟာ ကန့်သတ်ဇုန်အပြင်ဖက်က သူတို့အိမ်ဟောင်းဆီ ခိုးထွက်သွားရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ မသေဘဲ အသက်ရှင်ကျန်ရစ်နေတဲ့ သူတို့အမေ Alice ကို ရှာဖွေတွေ့ရှိသွားပါတယ်။
အံ့ဩစရာကောင်းတာက Alice ဟာ ဗိုင်းရပ်စ်ပိုး ရှိနေပေမယ့် ဇွန်ဘီမဖြစ်ဘဲ ရောဂါပိုးကို သယ်ဆောင်ထားနိုင်တဲ့ လက္ခဏာမပြသူ ဖြစ်နေတာပါ။ Don ဟာ ဇနီးဖြစ်သူကို သွားရောက်တွေ့ဆုံပြီး နောင်တရစွာနဲ့ နမ်းရှုပ်ရာကနေ... သူ့ဆီကို ဗိုင်းရပ်စ် ကူးစက်သွားပြီး ပထမဆုံး ဇွန်ဘီအဖြစ် ပြန်လည်ပြောင်းလဲသွားပါတော့တယ်။ Don ကြောင့် လုံခြုံရေးဇုန်ကြီးတစ်ခုလုံး စက္ကန့်ပိုင်းအတွင်း ဗိုင်းရပ်စ်ပြန်လည်ပေါက်ကွဲ သွားတဲ့အခါမှာတော့... စစ်တပ်က ကူးစက်ခံရသူရော၊ မကူးစက်ရသေးသူပါမချန် အကုန်ပစ်သတ်မယ့် "Code Red" အမိန့်ထုတ်ပြန်လိုက်တဲ့အတွက်၊ စစ်တပ်လက်ဖြောင့်စနိုက်ပါသမား Sergeant Doyle ကလေးနှစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားပုံကို ရှုစားရမှာ ဖြစ်ပါတယ်။
ဒီကားရဲ့ မကြိုက်ဆုံးအချက်တွေကတော့ လုံခြုံရေး အလွန်တင်းကျပ်ပါတယ်ဆိုတဲ့ စစ်တပ်ဇုန်ထဲမှာ ကလေးနှစ်ယောက်က အပြင်ကို လွယ်လွယ်ကူကူ ခိုးထွက်သွားနိုင်တာမျိုး၊ Don ကလည်း စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက်ခန်းထဲကို Keycard တစ်ကတ်တည်းနဲ့ ဝင်သွားပြီး ဇနီးဖြစ်သူကို သွားနမ်းနိုင်တာမျိုးတွေ၊ ပြီးတော့ အဲ့ဒီမှာ လုံခြုံရေးတစ်ယောက်မှကိုရှိမနေတာမျိုးက ယုတ္တိပိုင်း အလွန်အားနည်းပြီး ဇာတ်လမ်းဆက်ဖို့ အတင်းဖန်တီးထားသလို ဖြစ်နေပါတယ်။ အဲ့ဒီအချက်လေးတွေကို ဖယ်လိုက်ရင်တော့ ဒီကားဟာ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
My Rating: 6.5/10
AP
Comments: