၂၀၀၃ ခုနှစ်မှာ Walt Disney Television Animation ကနေ ရုပ်ရှင်ရုံတင်ခြင်းမရှိဘဲ ခွေအဖြစ် တိုက်ရိုက် ထုတ်လုပ်ခဲ့တဲ့ Atlantis: Milo's Return ဟာ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ မူရင်း ဇာတ်ကားရဲ့ Sequel ရုပ်ရှင် ဖြစ်ပါတယ်။

ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်တော့... ဒီကားဟာ ပထမဇာတ်ရဲ့ ခမ်းနားထည်ဝါမှု၊ အနုပညာရသနဲ့ စွန့်စားခန်း Level ကို လုံးဝ (လုံးဝ) မမီဘဲ၊ ကလေးကြည့် ကာတွန်းအပိုင်းတိုလေးတွေကို အတင်းပူးကပ်ထားသလို ဖြစ်နေတဲ့ Sequel တစ်ကား ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းက ပထမကားအပြီးမှာ Milo ဟာ အက်တလန်တစ်နိုင်ငံတော်ကြီးမှာ မင်းသမီးလေး Kida နဲ့အတူ ပျော်ရွှင်စွာ နေထိုင်ပြီး မြို့ပြကြီး ပြန်လည်စည်ပင်အောင် ကူညီပေးနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ မိတ်ဆွေဟောင်း ရှာဖွေရေးအဖွဲ့သားတွေ ဖြစ်ကြတဲ့ Audrey, Vinny, Mole နဲ့ ဆရာဝန်ကြီး Sweet တို့ဟာ အက်တလန်တစ်ကို ရုတ်တရက် ရောက်ရှိလာပြီး... အပြင်လောကက ကမ္ဘာမြေပေါ်မှာ အက်တလန်တစ်ရဲ့ ရှေးဟောင်းမှော်စွမ်းအင်တွေကြောင့် ထူးဆန်းတဲ့ အန္တရာယ်တွေ ဖြစ်ပွားနေလို့ Milo တို့ ဇနီးမောင်နှံကို အပြင်လောကဆီ ပြန်လိုက်ခဲ့ဖို့ အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ဟာ ကမ္ဘာအနှံ့ လှည့်လည်ပြီး အမှုသုံးခုကို လိုက်လံဖြေရှင်းကြရပါတယ်။

Atlantis: Milo's Return (2003) ဟာ ပထမဇာတ်ကားကို အရမ်းနှစ်သက်လွန်းလို့ ဇာတ်ကောင်တွေကို လွမ်းဆတ်ရုံသက်သက် (သို့မဟုတ်) ကလေးတွေကို ပေါ့ပေါ့ပါးပါး ပေးကြည့်ရုံသက်သက်ပဲ အဆင်ပြေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ 

My Rating: 5/10

AP