Nickelodeon ကနေ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့တဲ့ Avatar: The Last Airbender (Animated Series) ဟာ သာမန်ကလေးကြည့်ကာတွန်းတစ်ခုတင်မကဘဲ... ကမ္ဘာ့ရုပ်ရှင်နဲ့ အန်နီမေးရှင်းသမိုင်းမှာ အပြစ်ပြောစရာ လုံးဝမရှိအောင် ပြည့်စုံလွန်းတဲ့ All-Time Masterpiece လက်ရာမွန်ကြီး ဖြစ်ပါတယ်။

အသက်အရွယ်မရွေး၊ အချိန်မရွေး ကြည့်ရှုနိုင်ပြီး အခုခေတ်အထိ IMDB Rating 9.3/10 နဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဇာတ်လမ်းက ကမ္ဘာကြီးကို ရေ၊ မြေ၊ မီး၊ လေ ဆိုပြီး ဓာတ်ကြီးလေးပါး မျိုးနွယ်စုတွေနဲ့ ဖွဲ့စည်းထားပြီး အားလုံးကို ထိန်းချုပ်နိုင်တဲ့ Avatar က ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးပါတယ်။ ဒါပေမဲ့ အဗာတာ ပျောက်ဆုံးသွားတဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ စွမ်းအားကြီးမားတဲ့ မီးမျိုးနွယ်စု (Fire Nation) က ကမ္ဘာကြီးကို ရက်ရက်စက်စက် ကျူးကျော်စစ် ဆင်နွှဲခဲ့ပါတယ်။

နှစ် ၁၀၀ ကြာပြီးနောက် တောင်ဖက်ဝင်ရိုးစွန်းက ရေဓာတ်ပညာရှင်ကောင်မလေး Katara နဲ့ သူ့အစ်ကို Sokka တို့ဟာ ရေခဲတုံးကြီးထဲမှာ ပိတ်မိနေတဲ့ လေဓာတ်ထိန်းချုပ်သူ အသက် ၁၂ နှစ်အရွယ် အဗာတာလေး Aang ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Aang ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကျန်ရှိနေတဲ့ ရေ၊ မြေ၊ မီး ဓာတ်သုံးပါးလုံးကို ကမ္ဘာပတ်ပြီး အချိန်မီ သင်ယူရပါတော့တယ်။ သူ့နောက်ကိုတော့ Fire Nation ရဲ့ မင်းသား Zuko က အဗာတာကို ဖမ်းဆီးပြီး ဖခင်ဖြစ်သူ မီးဘုရင်ကြီးဆီ မျက်နှာလုပ်ဖို့အတွက် ဇွဲနပဲနဲ့ လိုက်လံဖမ်းဆီးပုံကို ရှုစားရမှာ ဖြစ်ပါတယ်။

Avatar: The Last Airbender (Animation) ဟာ အပြစ်ပြောစရာမရှိတဲ့ Animation Series ဖြစ်ပါတယ်။ တေးဂီတ၊ ဟာသ၊ ဒရမ်မာ၊ အက်ရှင်နဲ့ စိတ်ခံစားမှု အားလုံးကို အချိုးကျကျ ပေါင်းစပ်ပေးထားလို့... Live-action တွေ ဘယ်လောက်ပဲ ထွက်ထွက် ဒီမူရင်း ကာတွန်းရဲ့ ရသကိုတော့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

My Rating: 9.5/10

AP