၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့ပြီး သဲထိတ်ရင်ဖို Horror ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစား လူကြိုက်များခဲ့တဲ့ Barbarian ဇာတ်ကားဟာ ဒါရိုက်တာ Zach Cregger ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Georgina Campbell, Bill Skarsgård နဲ့ Justin Long တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။  

ဇာတ်လမ်းလေးကတော့ Tess ဆိုတဲ့ ကောင်မလေးတစ်ယောက် Detroit မြို့ကို အလုပ်အင်တာဗျူးအတွက် လာရင်း Airbnb ကနေ အိမ်တစ်လုံး ငှားလိုက်ရာက စတင်တာပါ။ ဒါပေမဲ့ မိုးအမှောင်ထဲ အိမ်ကို ရောက်သွားတဲ့အခါ အိမ်က Double Booking ဖြစ်နေပြီး Keith ဆိုတဲ့ အမျိုးသားတစ်ယောက် ရောက်နှင့်နေတာကို တွေ့လိုက်ရပါတယ်။ အပြင်မှာလည်း မိုးရွာနေ၊ စိတ်မချရတဲ့ ရပ်ကွက်လည်း ဖြစ်တာကြောင့် Tess တစ်ယောက် မတတ်သာဘဲ ဒီအိမ်မှာပဲ Keith နဲ့အတူ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်လည်း နောက်တစ်နေ့မှာတော့ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်တံခါးတစ်ချပ်နဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို ရှာတွေ့သွားခဲ့ပြီး၊ ထိုနေရာမှာ သူတို့ထင်မှတ်မထားတဲ့ ကြောက်မက်ဖွယ် အရာကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ...။ ဇာတ်ကားရဲ့ အဓိက စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့ သွားရာလမ်းကြောင်းကို ပရိသတ်တွေ လုံးဝ ခန့်မှန်းလို့မရအောင် Chapter တွေနဲ့ ခွဲခြားပြီး မတူညီတဲ့ ရူထောင့်တွေကနေ ရုတ်တရက် ကွေ့ဝိုက်ပြသသွားတာပဲ ဖြစ်ပါတယ်။

Barbarian (2022) ဟာ မကြာမီနှစ်များအတွင်း ထွက်ရှိခဲ့တဲ့ Horror ရုပ်ရှင်တွေထဲမှာ တကယ့်ကို ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ Airbnb ငှားရမ်းမှုကနေ စတင်ကာ ခန့်မှန်းရခက်တဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။

My Rating: 7.8/10

AP