ဒါရိုက်တာ Denis Villeneuve ရဲ့ Dune: Part Two (2024) ဟာ ရုပ်ရှင်လောကသမိုင်းမှာ The Empire Strikes Back သို့မဟုတ် The Lord of the Rings: The Two Towers တို့လိုမျိုး ပထမကားထက် ပိုမိုကြီးကျယ်ခမ်းနားပြီး ပြည့်စုံသွားတဲ့ Sequel တစ်ခု ဖြစ်ပါတယ်။

Atreides မျိုးနွယ်စု တစ်စုလုံး သစ္စာဖောက်ခံရပြီး ပျက်စီးသွားပြီးနောက် လွတ်မြောက်လာတဲ့ Paul Atreides  နဲ့ မိခင် Lady Jessica တို့ဟာ Arrakis ဂြိုဟ်ရဲ့ ကန္တာရထဲက ဒေသခံ Fremen တွေကြားထဲမှာ ခိုလှုံနေထိုင်ကြပါတယ်။ Paul ဟာ Fremen ကောင်မလေး Chani  ရဲ့ အကူအညီနဲ့ ကန္တာရထဲမှာ အသက်ရှင်သန်နည်းတွေကို သင်ယူရင်း ဒေသခံတွေရဲ့ ယုံကြည်မှုကို ရယူပါတယ်။

တစ်ဖက်မှာလည်း Fremen အချို့က Paul ကို သူတို့ကို ကယ်တင်မယ့် Lisan al-Gaib - ကယ်တင်ရှင် လို့ ကိုးကွယ်လာကြပါတယ်။ Paul ကတော့ ကယ်တင်ရှင်အဖြစ် ခေါင်းဆောင်လိုက်ရင် ဖြစ်လာမယ့် စကြဝဠာအဆင့် စစ်ပွဲကြီးနဲ့ သွေးချောင်းစီးမယ့် အနာဂတ်နိမိတ်တွေကို ကြောက်ရွံ့ပြီး ငြင်းဆန်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ရန်သူ Harkonnen တွေရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ အသစ်ထွက်ပေါ်လာတဲ့ ပြိုင်ဘက်ဆိုး Feyd-Rautha တို့ကြောင့် Paul ဟာ နောက်ဆုံးမှာ ကံကြမ္မာကို လက်ခံပြီး ကလဲ့စားချေဖို့အတွက် ဧကရာဇ်မင်းကြီးနဲ့ Harkonnen စစ်တပ်တွေကို စစ်ကြေညာရပါတော့တယ်။

Dune: Part Two ဟာ Sci-Fi ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာကြာမှ တစ်ခါသာ မြင်တွေ့ရမယ့် "Epic Cinematic Masterpiece" ဖြစ်ပါတယ်။ ပထမကားကို သဘောကျခဲ့ရင် ဒီကားကို ပိုပြီး သဘောကျမှာ သေချာသလို၊ ပထမကားကို ပျင်းစရာကြီးလို့ ထင်ခဲ့သူတွေတောင် ဒီကားရဲ့ Action နဲ့ ဇာတ်ရှိန်အောက်မှာ ကြွေဆင်းသွားရမှာပါ။ ဇာတ်သိမ်းပိုင်း Cliffhanger ကလည်း Holy War (ဘာသာရေးစစ်ပွဲ) ကြီး စတင်တော့မယ့် အရိပ်အယောင်နဲ့အတူ Part Three (Dune: Messiah) အတွက် ရင်ခုန်စရာ ချန်ထားခဲ့ပါတယ်။

My Rating: 9/10

AP