ပထမကားရဲ့ အောင်မြင်မှုအပြီး နှစ်နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ Netflix ကနေ ထပ်မံတင်ဆက်ခဲ့တဲ့ Enola Holmes 2 ဟာ ပထမကားထက် ပိုမိုကောင်းမွန်ကျစ်လစ်တဲ့ ဇာတ်အိမ်၊ ပိုပြီးခေါင်းစားရတဲ့ စုံထောက်ကွက်တွေနဲ့အတူ ပရိသတ်ကို စိတ်ကျေနပ်မှု ပိုပေးနိုင်ခဲ့တဲ့  ကားကောင်းတစ်ကား ဖြစ်ပါတယ်။ပထမကားမှာ ဇာတ်ကောင် မိတ်ဆက်တာနဲ့တင် အချိန်ကုန်သွားခဲ့ပေမယ့် ဒီဒုတိယကားမှာတော့ အမှန်တကယ် စုံထောက်အလုပ်ကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ Enola ရဲ့ စွန့်စားခန်းကို မြင်တွေ့ရမှာပါ။

ပထမအမှုမှာ အောင်မြင်မှုရပြီးနောက် Enola ဟာ လန်ဒန်မြို့မှာ သူမရဲ့ ကိုယ်ပိုင် "စုံထောက်အေဂျင်စီ" ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗစ်တိုးရီးယားခေတ်ရဲ့ အမြင်အရ သူမဟာ မိန်းကလေးငယ်တစ်ယောက် ဖြစ်နေတာကတစ်ကြောင်း၊ အစ်ကိုဖြစ်သူ Sherlock Holmes ရဲ့ အရိပ်က ကြီးမားလွန်းတာကတစ်ကြောင်းကြောင့် လူတွေက သူမကို အယုံအကြည်မရှိဘဲ ဆိုင်ပိတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရပါတယ်။

ဆိုင်ပိတ်ဖို့ ပြင်နေတုန်းမှာပဲ Bessie လို့ခေါ်တဲ့ မီးခြစ်စက်ရုံက ဆင်းရဲတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီး ပျောက်ဆုံးသွားတဲ့ သူမရဲ့အစ်မ Sarah Chapman ကို လိုက်ရှာပေးဖို့ အကူအညီတောင်းခံလာပါတယ်။ Enola ဟာ ဒီအမှုကို လက်ခံပြီး မီးခြစ်စက်ရုံရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို လိုက်လံစုံစမ်းရင်း၊ မထင်မှတ်ဘဲ အစ်ကိုဖြစ်သူ Sherlock လိုက်နေတဲ့ အစိုးရအရာရှိကြီးတွေရဲ့ ငွေကြေးအရှုပ်တော်ပုံအမှုနဲ့ လာရောက်ထပ်တူကျနေတာကို တွေ့ရှိသွားပါတယ်။ အကျင့်ပျက်ရဲအရာရှိတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ အန္တရာယ်ကြားကနေ မောင်နှမနှစ်ယောက် ပူးပေါင်းပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါး Adventure အငွေ့အသက်ကို မဖျောက်ဖျက်ဘဲ မှုခင်းစုံထောက်ပိုင်းကို ပိုမိုအားဖြည့်ထားပါတယ်။ ဇာတ်သိမ်းပိုင်း Mid-credit အခန်းမှာလည်း Sherlock Holmes ပရိသတ်တွေ အားလုံး သိကြတဲ့ "Dr. John Watson" ဇာတ်ကောင်ကို စတင်မိတ်ဆက်ပေးလိုက်တာကြောင့် အပိုင်း 3 အတွက် မျှော်လင့်ချက်တွေ အကြီးအကျယ် ပေးစွမ်းသွားခဲ့ပါတယ်။

My Rating: 7.5/10

AP