စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့... Hearts in Atlantis (2001) က Horror ထက် Coming-of-Age / Mystery Drama ဘက်ကို ပိုနီးစပ်ပြီး မင်းသားကြီး Anthony Hopkins ရဲ့ အမိုက်စား သရုပ်ဆောင်ချက်နဲ့ ရင်ထဲနွေးထွေးကျန်ခဲ့စေမယ့် ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းက ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အဖေမရှိဘဲ မိခင်ဖြစ်သူရဲ့ အုပ်ချုပ်မှုအောက်မှာ ကြီးပြင်းလာရတဲ့ ၁၁ နှစ်အရွယ် ကလေးလေး Bobby Garfield တို့အိမ်ရဲ့ အပေါ်ထပ်အခန်းဆီကို Ted Brautigan ဆိုတဲ့ အသက်ကြီးကြီး လူထူးဆန်းကြီးတစ်ယောက် ငှားရမ်းနေထိုင်ဖို့ ရောက်ရှိလာပါတယ်။

Ted ဟာ သာမန်အဖိုးကြီးတစ်ယောက် မဟုတ်ဘဲ လူတွေရဲ့ အတွေးကို ဖတ်နိုင်ပြီး အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ထူးခြားဆန်းပြားတဲ့ စိတ်စွမ်းအား ရှိသူပါ။ Ted က Bobby ကို သတင်းစာဖတ်ပြဖို့နဲ့ သူ့ကို လိုက်လံရှာဖွေနေတဲ့ "Low Men" ဆိုတဲ့ အနက်ရောင် ဝတ်စုံဝတ် လူဆိုးတွေ ရောက်လာရင် သတိပေးဖို့အတွက် တစ်ပတ်ကို တစ်ဒေါ်လာပေးပြီး အလုပ်ခန့်လိုက်ပါတယ်။ ဒီလိုနဲ့ အထီးကျန်နေတဲ့ ကလေးလေး Bobby နဲ့ လူထူးဆန်းကြီး Ted တို့ကြားမှာ အဖေနဲ့သား၊ ဆရာနဲ့တပည့်လို သံယောဇဉ်တွေ စတင်တွဲဖက်လာရင်း... Bobby ရဲ့ ကလေးဘဝ ပထမဆုံး အချစ်၊ သူငယ်ချင်း သံယောဇဉ်နဲ့ လျှို့ဝှက်ဆန်းကြယ် မှော်ဆန်တဲ့ ဖြစ်ရပ်တွေကို ကြည်နူးဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေရဲ့ ရေဒီယိုသီချင်းများ၊ နွေရာသီ အငွေ့အသက်တွေနဲ့ ကလေးဘဝရဲ့ အမှတ်တရတွေကို ရိုက်ကူးထားတာမို့ ၆၀ ခုနှစ်တွေရဲ့ အငွေ့အသက်ကို ရရှိစေပါတယ်။ ဒီကားက ကလေးဘဝ ဒရမ်မာသက်သက် မဟုတ်ဘဲ Ted ကို လိုက်ရှာနေတဲ့ "Low Men" တွေရဲ့ ခြိမ်းခြောက်မှုပါ ပါဝင်တာကြောင့် Mystery အရသာကိုပါ မျှမျှတတ ရရှိစေပါတယ်။

ဝတ္ထုထဲမှာတော့ Ted ဟာ Stephen King ရဲ့  Dark Tower Universe နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်မှာတော့ သာမန်ပရိသတ်တွေ မျက်စိမလည်အောင် အဲဒီ Sci-Fi / Fantasy အယူအဆတွေကို ဖြတ်တောက်လိုက်တာကြောင့် ဇာတ်လမ်းက အနည်းငယ် ရိုးရှင်းသွားသလို ဖြစ်စေပါတယ်။

Hearts in Atlantis (2001) ဟာ Stephen King ရဲ့  Horror တွေထဲကနေ ခွဲထွက်ပြီး... ကလေးဘဝ အမှတ်တရ၊ သံယောဇဉ်နဲ့ ဘဝရဲ့ ဆုံးရှုံးမှုတွေကို လှလှပပ ပုံဖော်ထားတဲ့ Underrated Emotional Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ 

My Rating:7.5/10

AP