အကယ်၍ သင်ဟာ ပုံသေကားချပ်အောက်က ဟီးရိုးအမိုက်စား ဇာတ်လမ်းတွေ၊ အမြဲတမ်း ဖြူစင်ရိုးသားပြီး စွမ်းအားကြီးလွန်းတဲ့ Main Characters တွေပါဝင်တဲ့ Isekai အန်နီမေးတွေကို ငြီးငွေ့နေပြီဆိုရင် KonoSuba: God's Blessing on This Wonderful World! ဟာ သင့်အတွက် ဆေးတစ်ခွက်ပါပဲ။ KonoSuba ဟာ အခြားIsekai  ကားတွေကို လှောင်ပြောင်သရော်ထားတဲ့ Parody / Comedy အမျိုးအစားထဲမှာ လက်ရှိအချိန်ထိ ထိပ်ဆုံးက ရပ်တည်နေတဲ့ အန်နီမေး ဖြစ်ပါတယ်။ 

ဇာတ်လမ်းက အိမ်အပြင်မထွက်တဲ့ ဂိမ်းမာတစ်ယောက်ဖြစ်တဲ့ Satou Kazuma ဟာ ကောင်မလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားရင်း (တကယ်တော့ လယ်ထွန်စက်ကြီးကို ကားအောက်မေ့ပြီး) လန့်သေသွားခဲ့ပါတယ်။ သူ သေဆုံးပြီးနောက် ရောက်ရှိသွားတဲ့နေရာမှာ နောက်တောက်တောက် နိုင်လှတဲ့ နတ်သမီးမလေး Aqua နဲ့ တွေ့ဆုံခဲ့ပြီး တခြားကမ္ဘာမှာ နတ်ဆိုးဘုရင် ကို သွားရောက်နှိမ်နင်းဖို့ အခွင့်အရေး ရခဲ့ပါတယ်။

Kazuma ဟာ အခြားကမ္ဘာကို သွားရင် မိမိနှစ်သက်ရာ စွမ်းအား သို့မဟုတ် လက်နက်တစ်ခု ယူဆောင်ခွင့်ရတဲ့အခါ သူ့ကို လှောင်ပြောင်နေတဲ့ နတ်သမီး Aqua ကိုပဲ "ပစ္စည်း" တစ်ခုအဖြစ် ရွေးချယ်ပြီး အခြားကမ္ဘာဆီ အတူခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကမ္ဘာမှာ သူတို့နဲ့ လာရောက်ပူးပေါင်းတဲ့ အဖွဲ့ဝင်တွေကတော့— တစ်နေ့ကို အဖျက်စွမ်းအားပြင်း မန္တန် (Explosion Magic) တစ်ခါပဲ သုံးနိုင်ပြီး သုံးပြီးရင် သစ်တုံးလို လဲကျသွားတဲ့ Megumin၊ ရန်သူ့ကို ဓားနဲ့တစ်ချက်မှ ထိအောင် မခုတ်တတ်ဘဲ အရိုက်ခံရတာကိုမှ သာယာနေတဲ့ သူရဲကောင်းမလေး Darkness တို့ ဖြစ်နေတဲ့အခါ... ကမ္ဘာကြီးကို ကယ်တင်ဖို့ထက် နေ့စဉ်စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတဲ့ ဟာသအဖွဲ့ကြီးရဲ့ ကမောက်ကမ စွန့်စားခန်းကို ရှုစားရမှာ ဖြစ်ပါတယ်။

KonoSuba ဟာ စိတ်ညစ်စရာတွေ ရှိနေရင် ခေါင်းထဲဘာမှ ထည့်မထားဘဲ အားရပါးရ ရယ်မောပစ်ဖို့အတွက် အကောင်းဆုံး အန်နီမေ ဖြစ်ပါတယ်။ Season 1 ကနေ 3 အထိ အရည်အသွေး ကျဆင်းမသွားဘဲ ဟာသပိုင်းကို အကောင်းဆုံး ဆွဲတင်နိုင်ခဲ့ပါတယ်။

My Rating: 9/10

AP