ပထမကားရဲ့ အကြီးအကျယ် အောင်မြင်မှုအပြီး ၃ နှစ်အကြာမှာ ဒါရိုက်တာ Jon Turteltaub နဲ့ Nicolas Cage တို့ ထပ်မံပူးပေါင်းပြီး ရိုက်ကူးထားတဲ့ National Treasure: Book of Secrets (2007) ဟာ ပထမကားရဲ့ ပဟေဠိဆန်ဆန် စွန့်စားခန်း အရသာကို ပိုမိုခမ်းနားတဲ့ သမိုင်းနောက်ခံတွေနဲ့ ပရိသတ်ကို တဝကြီး ဖျော်ဖြေပေးခဲ့တဲ့ Action-Adventure Sequel ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ပထမကားက အမေရိကန်ပြည်တွင်း သမိုင်းကိုပဲ အဓိကထားခဲ့ရင် ဒီဒုတိယကားမှာတော့ ဇာတ်အိမ်ကို လန်ဒန်၊ ပါရီ စတဲ့ နိုင်ငံတကာအဆင့်အထိ ချဲ့ထွင်ပုံဖော်ထားပါတယ်။ 

ဇာတ်လမ်းက အမေရိကန်သမ္မတကြီး အေဘရာဟမ် လင်ကွန်း (Abraham Lincoln) လုပ်ကြံခံရမှုရဲ့ နောက်ကွယ်က ဒိုင်ယာရီစာမျက်နှာ ပျောက်ဆုံးနေမှုတစ်ခုကို ရာဇဝတ်မှုပညာရှင် Mitch Wilkinson က လူသိရှင်ကြား ချပြလိုက်ရာကနေ ဇာတ်လမ်းစတင်ပါတယ်။ အဲဒီဒိုင်ယာရီစာမျက်နှာအရ Ben Gates ရဲ့ ဘိုးဘေးတစ်ဦးဟာ လင်ကွန်းလုပ်ကြံမှုမှာ အဓိကပါဝင်ပတ်သက်နေတဲ့ "နိုင်ငံတော် သစ္စာဖောက်ကြီး" အဖြစ် စွပ်စွဲခံလိုက်ရပါတယ်။

Benjamin Franklin Gates ဟာ သူ့မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ကယ်တင်ဖို့အတွက် အမှန်တရားကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ  Riley၊ Abigail တို့နဲ့အတူ သဲလွန်စတွေကို လိုက်ရှာရင်း... ဒီအမှုရဲ့ နောက်ကွယ်မှာ အမေရိကန် ပြည်တွင်းစစ်တုန်းက ဝှက်ထားခဲ့တဲ့ ရွှေမြို့တော်ကြီး Cíbola (City of Gold) ရှိနေတာကို သိလိုက်ရပါတယ်။ ဒီရွှေမြို့တော်ဆီ ဦးတည်မယ့် နောက်ဆုံးသဲလွန်စကတော့ အမေရိကန်သမ္မတတွေပဲ သိခွင့်ရှိပြီး လျှို့ဝှက်ချက်ပေါင်းများစွာကို မှတ်တမ်းတင်ထားတဲ့ သမ္မတ၏ လျှို့ဝှက်စာအုပ်  ထဲမှာပဲ ရှိနေတာကြောင့်၊ Ben တစ်ယောက် သူ့ဘိုးဘေးတွေရဲ့ နာမည်ကောင်းပြန်ရဖို့အတွက် "အမေရိကန်သမ္မတကြီးကို ပြန်ပေးဆွဲပြီး စာအုပ်ရှိတဲ့နေရာကို မေးမြန်းဖို့" အထိပါ ရဲရဲဝံ့ဝံ့ ကြံစည်ရပါတော့တယ်။

National Treasure: Book of Secrets (2007) ဟာ ပထမကားလောက် Mystery အကွက်တွေ မကျစ်လစ်တော့ပေမယ့်၊ Action နဲ့ စွန့်စားခန်းပိုင်း မှာတော့ ပိုပြီး အားရစရာ ကောင်းလာပါတယ်။ Nicolas Cage ရဲ့ Peak ကာလက စွမ်းဆောင်ရည်တွေနဲ့အတူ မိသားစုလိုက် စနေ၊ တနင်္ဂနွေမှာ အပန်းဖြေကြည့်ရှုဖို့ အကောင်းဆုံးအဆင့်ရှိတဲ့ High-Concept Entertainment ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating: 8/10

AP