Apple TV+ က ထုတ်လွှင့်တဲ့ Silo ဇာတ်လမ်းတွဲဟာ Sci-fi နဲ့ Mystery ကို ကြိုက်နှစ်သက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ လက်ရာတစ်ခုပါ။ Hugh Howey ရဲ့ နာမည်ကြီး "Wool" စာအုပ်စီးရီးကို အခြေခံထားတာဖြစ်ပြီး အပိုင်း (၁၀) ပိုင်းနဲ့ Season-1 နဲ့ Season-2 အထိထွက်ရှိထားတာဖြစ်ပါတယ်။ အခု Season-3 ထွက်ရှိလာတာဖြစ်ပါတယ်။ အပတ်စဥ် သောကြာ နေ့တိုင်းမှာ တစ်ပိုင်းဆီထွက်ရှိပြီး ၁၀ ပိုင်းပါဝင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို ပြန်ပြောရရင် ကမ္ဘာကြီး ပျက်စီးသွားပြီးနောက် ကျန်ရှိနေတဲ့ လူသား တွေဟာ မြေအောက် အထပ်ပေါင်း ၁၄၄ ထပ်ရှိတဲ့ Silo လို့ခေါ်တဲ့ မြေအောက်ခန်းကြီးထဲမှာ စုပေါင်းနေထိုင်ကြပါတယ်။ အပြင်လောကမှာ လေထုက အဆိပ်အတောက်တွေ ဖြစ်နေလို့ ထွက်လို့မရဘူးလို့ သူတို့ ယုံကြည်ထားကြတယ်။ Silo ရဲ့ စားသောက်ခန်းတွေ ထဲမှာအပြင်လောကကို မြင်နိုင်မယ့် Screen အကျယ်ကြီးရှိပါတယ်။ Screen နဲ့ချိတ်ဆက်ထားတဲ့ Camera ကလဲ နှစ်တေကြာနေပီမလို့ ဖုန်တေတက်နေတာကြောင့် မြင်ကွင်းက ကြည်လင်ပြတ်သားမှုတော့မရှိတော့ပါဘူး။ အပြင်ထွက်ဖို့ အမိန့်ပေးခံရတဲ့သူတွေ၊ ကိုယ်တိုင်အပြင်ထွက်ဖို့ တောင်းဆိုသူတေက အပြင်ရောက်ရင် Camera ကို သန့်ရှင်းရေး လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ရပါတယ်။ ဒါပေမယ့် အပြင်ထွက်သူ အားလုံးဟာလဲ Camera ကိုသန့်ရှင်းရေးလုပ်ကြတာကြီးပဲ ဖြစ်ပါတယ်။
Season-2 ရဲ့ အဆုံးသတ်မှာတော့ Silo ရဲ့ အောက်ခြေ Mechanical အပိုင်းက လူတွေဟာ ပုန်ကန်ဖို့ ကြိုးစားကြပါတယ်။ IT ခေါင်းဆောင် Bernard ဟာ Walker တို့ရဲ့ အလုပ်ရုံကို ခိုးနားထောင်ပြီး သူတို့ရဲ့ ဗုံးထောင်မယ့်အစီအစဉ်ကို ကြိုသိနေတယ်လို့ ထင်ခဲ့ပေမယ့်၊ တကယ်တော့ Walker က Sign Language သုံးပြီး အစီအစဉ်အစစ်အမှန်ကို လျှို့ဝှက်ပြောင်းလဲခဲ့တာပါ။ ဗုံးကို ဆေးရုံထမ်းစင်အတုထဲမှာ ဝှက်ယူလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဗုံးရဲ့ Timer ပျက်စီးသွားတဲ့အခါ Juliette ရဲ့ ဖခင်ဖြစ်သူ Dr. Pete Nichols ဟာ Hank ကို ကယ်တင်ပြီး ဗုံးကို ကိုယ်တိုင် လက်နဲ့ ခလုတ်နှိပ်ကာ အသေခံဖောက်ခွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လှေကားထစ်တွေ ပြိုကျပျက်စီးသွားပြီး ရဲတွေကို အပေါ်ထပ်က IT ဌာနဆီ မတက်နိုင်အောင် ကြားထဲကနေ ဖြတ်တောက်ပစ်လိုက်နိုင်ပါတယ်။
Juliette ဟာ တခြား Silo ကနေ ဝတ်စုံအသစ်နဲ့ ထွက်ပြေးလာပြီး သူမရဲ့ မူလ Silo အပြင်ဘက်က ကင်မရာမှန်ကို သုတ်ကာ အထဲကလူတွေကို "အပြင်မှာ အန္တရာယ်ရှိသေးတယ်၊ မထွက်လာကြနဲ့" ဆိုတဲ့ စာတိုကို ပြသပြီး သတိပေးခဲ့ပါတယ်။ အဲဒီနောက် သူမဟာ Silo ရဲ့ လေလုံတံခါး ကို အတင်းဖွင့်ဖို့ ကြိုးစားချိန်မှာ တံခါးက ပွင့်လာပြီး အထဲမှာ ဝတ်စုံအပြည့်နဲ့ သေနတ်ကိုင်ထားတဲ့ Bernard ကို တွေ့လိုက်ရပါတယ်။ Bernard ဟာ စိတ်ပျက်လက်ပျက်နဲ့ အပြင်ကို ထွက်ဖို့ လုပ်နေတာပါ။ Juliette က အထဲကို အတင်းတိုးဝင်ပြီး Bernard က သူမကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားစဉ်မှာပဲ တံခါးပိတ်သွားပြီး လေလုံအခန်းထဲမှာ မီးပန်းတွေ ပန်းထွက်လာကာ နှစ်ယောက်လုံး မီးတောက်တွေကြားထဲ ပိတ်မိသွားခြင်း နဲ့ ဇာတ်သိမ်းသွားပါတယ်။
Season 3 ရဲ့ အစကိုတော့ Juliette ကမသေသေးပဲ မှတ်ညာဏ်ပျောက်ဆုံးနေပြီး မြို့တော်ဝန်ဖြစ်နေပီဆိုတာနဲ့ စထားပါတယ်။ သူမ ဘယ်လိုမြို့တော်ဝန် ဖြစ်လာလဲ သူမရဲ့ မှတ်ဉာဏ်ကိုကော ဘယ်လိုရှာဖွေမလဲဆိုတာ Season-3 မှာ ကြည့်ရှုရတော့မှာပါ။
My Rating:8.5/10
AP
Comments: