၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Dark Tower ဟာ Dark Fantasy, Science Fiction နဲ့ Action အမျိုးအစားများကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Stephen King ရဲ့ "The Dark Tower" စာအုပ်စီးရီးဟာ စာဖတ်သူ ပရိသတ်ပေါင်းများစွာရဲ့ ရင်ထဲမှာ နှစ်ရှည်လများ အခိုင်အမာ နေရာယူထားနိုင်ခဲ့ပြီး Epic ဖြစ်လွန်းတဲ့ ကမ္ဘာကြီးတစ်ခုကို တည်ဆောက်ပြခဲ့တာကြောင့် စာပေလောကမှာ အင်မတန် အောင်မြင်ခဲ့တဲ့ လက်ရာတစ်ခုအဖြစ် စံချိန်တင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စာအုပ်ရဲ့ အကြောင်းအရာအပြည့်အစုံကို တိုက်ရိုက်မှီငြမ်းတာမျိုး မဟုတ်ဘဲ Sequel သဘောမျိုးနဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ပေါင်းစပ်ဖန်တီးထားတာတွေ့ရပါတယ်။

ဇာတ်လမ်းကတော့ စကြဝဠာကြီးတစ်ခုလုံး ပျက်စီးမသွားအောင် ထိန်းညှိပေးထားတဲ့ "Dark Tower" ဆိုတဲ့ မျှော်စင်ကြီးကို ဗဟိုပြုထားပါတယ်။ ထူးခြားတဲ့ အိပ်မက်တွေ မကြာခဏမက်လေ့ရှိတဲ့ Jake ဆိုတဲ့ ကောင်လေးဟာ တခြားကမ္ဘာတစ်ခုမှာ ရှိနေတဲ့ Dark Tower မျှော်စင်ကြီးနဲ့ သေနတ်သမားတို့ရဲ့ အကြောင်းကို မြင်တွေ့နေရသူဖြစ်ပါတယ်။ 

အမှောင်စွမ်းအားရှင် Walter (Man in Black) က ဒီမျှော်စင်ကြီးကို ဖြိုဖျက်ပြီး စကြဝဠာကို အမှောင်ထုထဲ ဖုံးလွှမ်းဖို့ ကြိုးစားနေပြီး၊ ဒီအတွက် Jake ရဲ့ အထူးစွမ်းအားရှိတဲ့ ဦးနှောက်ကို အသုံးချဖို့ ကြိုးစားလာတဲ့အခါမှာတော့…။ Jake ဟာ တခြားကမ္ဘာတစ်ခုဆီ ရောက်ရှိသွားပြီး နောက်ဆုံးကျန်ရစ်သူ သေနတ်သမား Roland နဲ့ ဆုံတွေ့ခဲ့ပါတယ်။ စကြဝဠာကြီး ပျက်စီးမသွားအောင်နဲ့ မကောင်းဆိုးဝါး မှော်ဆရာရဲ့ ရန်ကနေ ကာကွယ်ဖို့ သူတို့နှစ်ဦး ပေါင်းစည်းပြီး တိုက်ပွဲဝင်ကြပုံကို ရင်သပ်ရှုမောဖွယ် Action တွေနဲ့ ပုံဖော်ထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်မှုအပိုင်းမှာ Idris Elba ရဲ့ Gunslinger ကာရိုက်တာ ပုံဖော်မှုက အတော်လေး ခန့်ညားပြီး သေနတ်ပစ်ကွက်တွေမှာ ကြည့်ရှုသူကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ Matthew McConaughey ရဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်မှုကလည်း အေးစက်စက်နဲ့ မကောင်းတဲ့ ခံစားချက်ကို အတိအကျ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စာအုပ်မဖတ်ဖူးသူများအတွက် မိနစ် ၉၀ ကျော်မျှသာရှိတဲ့ ကြည့်ချိန်အတွင်းမှာ ရှင်းလင်းပြီး သာမန် Action Fantasy တစ်ကားအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်အောင် ဖန်တီးထားတာကလည်း အားသာချက်တစ်ခုပါပဲ။

အဓိက အားနည်းချက်ကတော့ Stephen King ရဲ့ စာအုပ် ၇ အုပ်မက ရှိတဲ့ အလွန်ကျယ်ပြန့်လှတဲ့ ဇာတ်လမ်း ကို မိနစ် ၉၀ အချိန်တိုလေးအတွင်း အတင်းရိုက်သွင်းထားတာကြောင့် ဇာတ်လမ်းရဲ့ အနက်ရှိုင်းဆုံး ခံစားချက်နဲ့ ကာရိုက်တာတွေရဲ့ နောက်ခံသမိုင်းတွေ ပျောက်ဆုံးသွားခဲ့ရပါတယ်။ စာအုပ်အရမ်းကြိုက်တဲ့ Fan များအတွက်တော့ အားရမှုမရှိဘဲ ဇာတ်အိမ် တိမ်လွန်းတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။

ခြုံငုံပြောရရင် The Dark Tower (2017) ဟာ အလွန်နက်ရှိုင်းတဲ့ Fantasy ရုပ်ရှင်ကြီးတစ်ခုအဖြစ် မမြင်ဘဲ ပေါ့ပေါ့ပါးပါး ကြည့်လို့ရတဲ့ Action Sci-Fi ဇာတ်ကားတစ်ကားအဖြစ် ရှုမြင်မယ်ဆိုရင် အချိန်ပေးရတာ တန်စေမယ့် ဇာတ်ကားပါ။

My Rating: 6.5/10

AP