၁၉၉၉ ခုနှစ်က ကမ္ဘာတစ်ဝန်း အောင်မြင်မှုရရှိခဲ့တဲ့ The Mummy ရဲ့ အဆက်အဖြစ် ၂၀၀၁ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ The Mummy Returns ဟာ ပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ခေတ်ဟောင်း Action-Adventure ရုပ်ရှင်တွေထဲက အကောင်းဆုံး စံပြကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းက ပထမကားထဲက ဖြစ်ရပ်တွေပြီးနောက် ၉ နှစ်အကြာ (၁၉၃၃ ခုနှစ်) မှာ Rick O'Connell  နဲ့ Evelyn တို့ဟာ လက်ထပ်ပြီး Alex လို့ခေါ်တဲ့ ဉာဏ်ကောင်းပြီး အစော့သန်တဲ့ ၈ နှစ်အရွယ် သားလေးတစ်ယောက် ရနေပါပြီ။

သူတို့မိသားစုဟာ အီဂျစ်သင်္ချိုင်းတစ်ခုကနေ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရင်း ရှေးပဝေသဏီက ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ The Scorpion King ရဲ့ Bracelet of Anubis ကို  တွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လန်ဒန်မြို့က လျှို့ဝှက်ဂိုဏ်းတစ်ခုဟာ ကမ္ဘာကြီးကို စိုးမိုးဖို့အတွက် မာမီကြီး Imhotep ကို ဒုတိယအကြိမ် ပြန်လည်အသက်သွင်းလိုက်ပြီး စွမ်းအားကြီးတဲ့ Scorpion King ရဲ့ စစ်တပ်ကို အသုံးချဖို့ ကြိုးစားကြပါတယ်။ ဒီကြားထဲမှာ Rick တို့ရဲ့ သားလေး Alex ပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါ မိသားစုကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးပျက်သုဉ်းမယ့် အန္တရာယ်ကနေ တားဆီးဖို့ အီဂျစ်ပြည်ကြီးဆီ တစ်ကျော့ပြန် ခရီးနှင်ရပါတော့တယ်။

ဒီဇာတ်ကားဟာ ပထမမိနစ်ကနေ နောက်ဆုံးမိနစ်အထိ ပရိသတ်ကို ပျင်းရမယ့်အချိန် လုံးဝမပေးပါဘူး။ လန်ဒန်မြို့လယ်ခေါင်က နှစ်ထပ်ဘတ်စ်ကားပေါ်က တိုက်ပွဲ၊ ပူဖောင်းကြီးနဲ့ ကန္တာရကို ဖြတ်ကျော်တာ၊ သစ်တောထဲက ပုပုသေးသေး မာမီကောင်တွေနဲ့ တိုက်ပွဲတွေကအစ Action ပြကွက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်လာလို့ အလွန်ကြည့်ကောင်းပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက အားနည်းချက်ကတော့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဇာတ်သိမ်းပိုင်းမှာ ပါလာတဲ့ Scorpion King (Dwayne Johnson ရဲ့ မျက်နှာနဲ့ ကင်းမြီးကောက်ကိုယ်ထည်) ရဲ့ CGI ဟာ ၂၀၀၁ ခုနှစ် စံနှုန်းနဲ့ကြည့်ရင်တောင် ဗီဒီယိုဂိမ်းထဲက အရုပ်လို ဖြစ်နေပြီး ရုပ်ရှင်သမိုင်းမှာ "အဆိုးရွားဆုံး CGI" တစ်ခုအဖြစ် အခုထိ ပြောစမတ်ပြုခံနေရတုန်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် The Mummy Returns ဟာ ပထမကားလောက် ရင်ဖိုစိတ်လှုပ်ရှားစရာ မကောင်းတော့ပေမယ့် Action Adventure ပိုင်းမှာတော့ ပိုပြီး အားရစရာ ကောင်းပါတယ်။ CGI အဆိုးကြီးကို ခဏလောက် မျက်စိမှိတ်ပေးထားနိုင်ရင်တော့ မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ဖို့ အကောင်းဆုံး ဂန္ထဝင် Nostalgia ကားတစ်ကား ဖြစ်ပါတယ်။

My Rating: 7.5/10

AP