၁၉၉၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ "The Shawshank Redemption" ဇာတ်ကားဟာ ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး Drama / Crime အမျိုးအစား ရုပ်ရှင်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို သဲထိတ်ရင်ဖိုနဲ့ ထိတ်လန့်ဖွယ် ဝတ္ထုတွေကြောင့် ကျော်ကြားလှတဲ့ စာရေးဆရာကြီး Stephen King ရဲ့ ၁၉၈၂ ထွက် "Rita Hayworth and Shawshank Redemption" ဆိုတဲ့ နာမည်ကျော်  စာအုပ်ကို အခြေခံပြီး ဒါရိုက်တာ Frank Darabont က ရုပ်ရှင်အဖြစ် ဖန်တီးပုံဖော်ခဲ့တာဖြစ်ပါတယ်။ စာအုပ်လောကမှာလည်း လူကြိုက်များခဲ့သလို ရုပ်ရှင်အဖြစ် ပြောင်းလဲလိုက်ချိန်မှာလည်း မူရင်းစာအုပ်ရဲ့ ဝိညာဉ်ကို မပျောက်ပျက်စေဘဲ ပိုမိုသက်ဝင်လှပအောင် ရိုက်ကူးနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီဇာတ်ကားမှာ Andy Dufresne အဖြစ် မင်းသားကြီး Tim Robbins ကလည်းကောင်း၊ ရဲဘော်ရဲဘက် ထောင်ဒဏ်ကျအကျဉ်းသား Red အဖြစ် မင်းသားကြီး Morgan Freeman ကလည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး သူတို့နှစ်ဦးရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့ ရင်ကို ယနေ့ထက်တိုင် ထိမှန်နေဆဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မကျူးလွန်ခဲ့တဲ့ လူသတ်မှုနဲ့ စွပ်စွဲခံရပြီး Shawshank ထောင်ထဲကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် နှစ်ကြိမ်တိုင်တိုင် ကျခံဖို့ ရောက်ရှိလာတဲ့ ဘဏ်အရာရှိ ထက်ထက်မြက်မြက် အန်ဒီ ဒူဖရေးနိး (Andy Dufresne) ရဲ့ ဘဝအကြောင်းပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ ထောင်တွင်းငရဲခန်းထဲမှာ အန်ဒီဟာ စမတ်ကျကျနဲ့ စိတ်ရှည်လက်ရှည် ရုန်းကန်ရင်း ထောင်ထဲမှာ ပစ္စည်းမှောင်ခိုသွင်းပေးတတ်တဲ့ ရက်ဒ် (Red) နဲ့ ခင်မင်ရင်းနှီးသွားပါတယ်။ အန်ဒီဟာ ဘဏ်အရာရှိ အတွေ့အကြုံကို သုံးပြီး ထောင်မှူးတွေ၊ ထောင်ဝါဒါတွေရဲ့ အခွန်ရှောင်ပေးမှုနဲ့ ငွေကြေးစီမံမှုတွေကို ကူညီပေးရင်း ထောင်ထဲမှာ နေရာတစ်ခုရလာခဲ့ပါတယ်။ အကြမ်းဖက်မှု၊ မတရားမှုနဲ့ ခေါင်းပုံဖြတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ထောင်နံရံလေးဘက်ကြားမှာ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အန်ဒီတစ်ယောက် သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မျှော်လင့်ချက်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအစဉ်တွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် စိတ်ဝင်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အဓိကအသက်ကတော့ ရိုက်ကူးတင်ဆက်မှုနဲ့ ဇာတ်ညွှန်း ရဲ့ အချိုးအစားကျနမှုပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အစမှ အဆုံးအထိ ပါဝင်တဲ့ Morgan Freeman ရဲ့ နောက်ခံစကားပြောဟာ ပရိသတ်ကို ဇာတ်လမ်းထဲ စီးဝင်သွားအောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ထို့အပြင် "မျှော်လင့်ချက်" (Hope) နဲ့ "လွတ်မြောက်ခြင်း" (Freedom) ဆိုတဲ့ လူသားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို အလွန်ခန့်ညားစွာ ပုံဖော်သွားနိုင်ခဲ့ပါတယ်။ 

The Shawshank Redemption ဟာ ရုပ်ရှင်ရုံတင်စဉ်က ဝင်ငွေအမြောက်အမြား မရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ IMDb ရဲ့ အမှတ်အမြင့်ဆုံး ရုပ်ရှင်အဖြစ် စံချိန်တင်ကာ ရုပ်ရှင်သမိုင်းရဲ့ လက်ရာမွန်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ရိုးရိုးရှင်းရှင်း ထောင်ဖောက်ဇာတ်ကား မဟုတ်ဘဲ ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲနဲ့ မတရားမှုတွေကြုံရပါစေ၊ "မျှော်လင့်ချက်" ကို မစွန့်လွှတ်သမျှ ကာလပတ်လုံး လူတစ်ယောက်ဟာ လွတ်မြောက်နိုင်တယ်ဆိုတဲ့ သင်ခန်းစာကို နက်နက်ရှိုင်းရှိုင်း ပေးစွမ်းနိုင်တဲ့ ဇာတ်ကားပါ။

My Rating:9.5/10

AP