ဆောင်းရာသီ၏ အေးစက်စက် နှင်းဖုံးတောင်တန်းများကြားက သီးခြားခွဲထွက်နေသော ဟိုတယ်ကြီးတစ်ခု၊ စိတ်ဒဏ်ရာ၊ တထိတ်ထိတ်ဖြတ်သန်းရမည့် ဆိုင်းပန်းနှင့် အာရုံခြောက်ခြားဖွယ် သင်္ကေတများ… ဒါတွေဟာ ၁၉၈၀ ခုနှစ်က ထွက်ရှိခဲ့ပြီး Horror / Psychological Thriller ရုပ်ရှင်လောက၏ ထာဝရဂန္ထဝင် စံချိန်တင် ရုပ်ရှင်တစ်ကားဖြစ်သည့် The Shining ကို တည်ဆောက်ထားသည့် အဓိက အစိတ်အပိုင်းများပင် ဖြစ်သည်။

ဒီဇာတ်ကားကို ၁၉၈၀ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့ပြီး Horror ရုပ်ရှင်လောက၏ Masterpiece တစ်ကားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဇာတ်ကား၏ ဒါရိုက်တာမှာ ရုပ်ရှင်လောကတွင် အသေးစိတ်ကျနမှုကြောင့် နာမည်ကြီးသည့် ဂန္ထဝင်ဒါရိုက်တာကြီး Stanley Kubrick ဖြစ်ပြီး၊ အဓိက သရုပ်ဆောင်များအဖြစ် မင်းသားကြီး Jack Nicholson (Jack Torrance အဖြစ်)၊ မင်းသမီး Shelley Duvall (Wendy Torrance အဖြစ်) နှင့် ကလေးသရုပ်ဆောင် Danny Lloyd (Danny အဖြစ်) တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။  

The Shining ရုပ်ရှင်သည် သောက်သောက်လဲ အောင်မြင်ခဲ့သည့် ကမ္ဘာကျော် စာရေးဆရာကြီး Stephen King ၏ ၁၉၇၇ ထွက် မူရင်း "The Shining" ဝတ္ထုကို မှီငြမ်းရိုက်ကူးထားခြင်း ဖြစ်သည်။ စာအုပ်မှာ Stephen King ၏ စာရေးဆရာဘဝ အောင်မြင်မှုကို အခိုင်အမာ တည်ဆောက်ပေးခဲ့ပြီး စိတ်ပညာပိုင်းဆိုင်ရာ ခြောက်ခြားဖွယ်ရာများကို ထိထိမိမိ ပုံဖော်နိုင်ခဲ့သည့်အတွက် ကမ္ဘာအနှံ့ ကျော်ကြားခဲ့သော ဝတ္ထုတစ်အုပ် ဖြစ်ခဲ့သည်။ 

ဇာတ်လမ်းမှာ စာရေးဆရာတစ်ဦးဖြစ်သည့် Jack Torrance သည် ဆောင်းရာသီတွင် ပိတ်ထားမည့် တောင်ပေါ်က သီးခြားခွဲထွက်နေသော Overlook Hotel ကြီး၏ စောင့်ရှောက်ထိန်းသိမ်းသူအဖြစ် အလုပ်ရခဲ့ခြင်းမှ စတင်သည်။ Jack သည် သူ၏ ဇနီးဖြစ်သူ Wendy နှင့် အတိတ်ကို မြင်နိုင်/ဆန်းကြယ်သည့် အာရုံရနိုင်သည့် "Shining" စွမ်းအားရှိသော သားငယ် Danny တို့ကို ခေါ်ဆောင်ကာ အဆိုပါ ဟိုတယ်ကြီးဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။  

ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ နှင်းများပိတ်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားသည့်အခါ ဟိုတယ်ကြီး၏ အတိတ်က လျှို့ဝှက်ဆန်းကြယ် မကောင်းဆိုးဝါး ဝိညာဉ်များ၏ စိတ္တဇခြောက်ခြားမှုများကို ကြုံတွေ့ရတော့သည်။ ဟိုတယ်ကြီး၏ ဖိအား၊ စာရေးမရသည့် အဆင်မပြေမှုများနှင့်အတူ Jack ၏ စိတ်ပိုင်းဆိုင်ရာများ တဖြည်းဖြည်း ရူးသွပ်ဖရိုဖရဲဖြစ်လာပြီး သားနှင့်ဇနီးကိုပါ သတ်ဖြတ်ရန် ကြိုးစားလာသည့်အခါမှာတော့ တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ်ရာ အပြိုင်အဆိုင် သတ်ကွင်းကြီးတစ်ခု ဖြစ်လာခဲ့ရတော့သည်။

The Shining (1980) သည် ရိုးရိုးသရဲကား မဟုတ်ဘဲ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု၊ အထီးကျန်မှုနှင့် စိတ္တဇဆန်သော အမှောင်ဘက်ခြမ်းများကို အနုပညာမြောက်စွာ ပုံဖော်ထားသည့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါသည်။

My Rating: 8.7/10

AP