ဒီကားဟာ မီဒီယာတွေရဲ့ လူသားတွေအပေါ် စောင့်ကြည့်ခြယ်လှယ်မှုနဲ့ Reality ဆိုတဲ့ အဓိပ္ပာယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ကြိုတင်ပြီး ထိထိမိမိကြီး မေးခွန်းထုတ်သွားခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းက Truman Burbank (Jim Carrey) ဟာ Seahaven ဆိုတဲ့ သာယာလှပပြီး အေးချမ်းတဲ့ ကျွန်းမြို့လေးတစ်မြို့မှာ အာမခံကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ရင်း၊ ချစ်စရာကောင်းတဲ့ ဇနီးသည်နဲ့အတူ နေထိုင်တဲ့ သာမန်အရပ်သားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ Truman မသိတာတစ်ခုကတော့... သူ မွေးဖွားကတည်းက စလို့ သူ့ရဲ့ ဘဝသက်တမ်း ၃၀ လုံးလုံးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စတူဒီယိုကြီးတစ်ခုထဲမှာ ဖန်တီးထားတဲ့ "The Truman Show" ဆိုတဲ့ ၂၄ နာရီပတ်လုံး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Reality TV Show ကြီးတစ်ခု ဖြစ်နေတာပါ။
သူ့ပတ်ဝန်းကျင်က မိဘ၊ ဇနီး၊ သူငယ်ချင်းကအစ လမ်းပေါ်က ဖြတ်သွားဖြတ်လာလူတွေအထိ အားလုံးဟာ သရုပ်ဆောင် တွေဖြစ်ပြီး၊ သူ့ကို လျှို့ဝှက်ကင်မရာပေါင်း ၅,၀၀၀ ကျော်နဲ့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကောင်းကင်ပေါ်ကနေ မီးဆိုင်းကြီးတစ်ခု ပြုတ်ကျလာတာ၊ ပင်လယ်ထဲမှာ သေဆုံးသွားပြီလို့ ထင်ထားတဲ့ အဖေဖြစ်သူကို လမ်းပေါ်မှာ ပြန်တွေ့တာ စတဲ့ မသင်္ကာစရာ အလွဲအချော်လေးတွေကို Truman သတိထားမိလာပါတယ်။ ဒီလိုနဲ့ သူဟာ ဒီမြို့ကြီးကနေ ထွက်ပြေးဖို့ ကြိုးစားရင်း... ဒီ Show ကြီးရဲ့ ဒါရိုက်တာ/ဖန်တီးရှင်ကြီး Christof (Ed Harris) က သူ့ကို မထွက်ခွာနိုင်အောင် နည်းမျိုးစုံနဲ့ ဉာဏ်ဆင်တားဆီးပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ရယ်စရာ မျက်နှာပြောင်ပြလေ့ရှိတဲ့ Jim Carrey ဟာ ဒီကားမှာတော့ အလွန်အပြစ်ကင်းစင်ပြီး အမှန်တရားကို သိချင်နေတဲ့၊ ကြောက်ရွံ့စိတ်နဲ့ ရုန်းကန်နေရတဲ့ လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုကို ရင်ထဲထိအောင် သရုပ်ဆောင်ပြသွားခဲ့ပါတယ်။
The Truman Show ဟာ သင့်ကို တစ်ချိန်လုံး ရယ်မောပျော်ရွှင်စေရင်းနဲ့ တစ်ဖက်ကလည်း "ငါတို့ အခုအသက်ရှင်နေတဲ့ ကမ္ဘာကြီးကော တကယ်ပဲ အစစ်အမှန် ဟုတ်ရဲ့လား" ဆိုပြီး အတွေးနက်နက်ရှိုင်းရှိုင်း ကျန်ခဲ့စေမယ့် ဒရမ်မာရုပ်ရှင်ကောင်း ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းမှာ Truman က ကင်မရာကို ကြည့်ပြီး နှုတ်ဆက်သွားတဲ့ ဒိုင်ယာလော့ခ်လေးကတော့ ရုပ်ရှင်သမိုင်းမှာ လုံးဝမေ့ပျောက်လို့ရမှာ မဟုတ်ပါဘူး။
My Rating: 9.5/10
AP
Comments: