၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ Nickelodeon ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ Victorious ဟာ သီချင်းကောင်းတွေ၊ ရယ်မောစရာ အလွဲအချော်တွေနဲ့အတူ လက်ရှိပေါ့ပ်ဂီတလောကရဲ့ စူပါစတား Ariana Grande ကိုပါ မွေးထုတ်ပေးခဲ့တဲ့ Iconic Teen Musical Sitcom တစ်ခု ဖြစ်ပါတယ်။
စုစုပေါင်း Season ၄ ခု (အပိုင်း ၅၇ ပိုင်း) ထွက်ရှိခဲ့ပြီး၊ သာမန် high school ကျောင်းကားတွေနဲ့မတူဘဲ အနုပညာပါရမီရှင်တွေ စုဝေးရာ ကျောင်းတော်ကြီးကို နောက်ခံထားလို့ အလွန်ဖျော်ဖြေမှုပေးနိုင်တဲ့ Comfort Show တစ်ခုပါ။
ဇာတ်လမ်းကတော့ ဟောလိဝုဒ်က နာမည်ကြီး အနုပညာအထက်တန်းကျောင်း (Hollywood Arts High School) ကြီးကို အခြေခံထားပါတယ်။ အဓိကဇာတ်ကောင် Tori Vega (Victoria Justice) ဟာ အမြဲတမ်း သူမရဲ့ အစ်မဖြစ်သူ Trina ရဲ့ အရိပ်အောက်မှာပဲ နေခဲ့ရတဲ့ သာမန်မိန်းကလေးတစ်ဦးပါ။ ဒါပေမဲ့ ညတစ်ည ကျောင်းက အနုပညာပြပွဲမှာ အစ်မဖြစ်သူအစား ဝင်ရောက်သီဆိုပြရာကနေ သူမရဲ့ ဖုံးကွယ်ထားတဲ့ ပါရမီကို ကျောင်းအုပ်ကြီးက သတိထားမိသွားပြီး Hollywood Arts ကျောင်းကြီးကို တက်ရောက်ခွင့် ပေးလိုက်ပါတော့တယ်။
အဲဒီကျောင်းကို ရောက်တဲ့အခါမှာတော့ Tori ဟာ ဆန်းပြားပြီး ပါရမီကိုယ်စီရှိကြတဲ့ သူငယ်ချင်းအဖွဲ့သစ်ကြီးနဲ့ ဆုံတွေ့ရပါတော့တယ်။ ၎င်းတို့ကတော့— မင်းသားချော Beck၊ Beck ရဲ့ ရည်းစားဖြစ်ပြီး အမြဲတမ်း မျက်နှာတည်နဲ့ စိတ်ပုပ်တတ်တဲ့ Goth မလေး Jade ၊ အမြဲတမ်း အူကြောင်ကြောင်နဲ့ ချစ်စရာကောင်းပြီး အသံပါရမီရှင်မလေး Cat Valentine (Ariana Grande)၊ ဂီတပါရမီရှင် Andre နဲ့ ရုပ်သေးရုပ်ကြီးကို ကိုင်ပြီး စကားပြောတတ်တဲ့ Robbie တို့ပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ဆယ်ကျော်သက်တွေကြားထဲမှာ Tori တစ်ယောက် အနုပညာလောကထဲ ဝင်ရောက်နိုင်ဖို့ ဘယ်လို အလွဲအချော်တွေနဲ့ ကြိုးစားမလဲဆိုတာ ကြည့်ရှုရမှာပါ။
Victorious ဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေရဲ့ Pop Culture နဲ့ ကလေးဘဝ/ဆယ်ကျော်သက်ဘဝ ခံစားချက်တွေကို အပြည့်အဝ ပြန်လည်ပေးစွမ်းနိုင်တဲ့ Top-Tier Teen Sitcom ကောင်းတစ်ခု ဖြစ်ပါတယ်။ သီချင်းအမိုက်စားတွေ နားထောင်ရင်း၊ စိတ်အပန်းဖြေ ရယ်မောချင်သူတွေအတွက် အမြဲတမ်း ပြန်ကြည့်လို့ကောင်းတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။
My Rating: 7.8/10
AP
Comments: