ဒီရုပ်ရှင်၏ ထူးခြားချက်မှာ ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀ ပြည့်လွန်နှစ်များက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ကို တုန်လှုပ်စေခဲ့သည့် ဖြစ်ရပ်မှန် Serial Killer Zodiac ၏ အကြောင်းကို ရေးသားထားသော စာရေးဆရာ Robert Graysmith ၏ နာမည်ကျော် မှုခင်းမှတ်တမ်းစာအုပ် Zodiac (၁၉၈၆) ကို အခြေခံမှီငြမ်းထားခြင်း ဖြစ်ပါသည်။ ထိုစာအုပ်သည် အစစ်အမှန် အထောက်အထားများ၊ လျှို့ဝှက်သင်္ကေတများ နှင့် ဖြစ်ရပ်မှန်များကို သေချာစနစ်တကျ သုတေသနပြု ရေးသားထားသဖြင့် သမိုင်းတွင် အလွန်ပင် ကျော်ကြားခဲ့သော မှတ်တမ်းစာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါသည်။
ဇာတ်လမ်း စတင်ပုံမှာ San Francisco Chronicle သတင်းစာတိုက်ဆီသို့ မိမိကိုယ်ကို "Zodiac" ဟု ခေါ်ဆိုသော လူသတ်သမားတစ်ဦးထံမှ လျှို့ဝှက်သင်္ကေတများပါသည့် စာများ ရောက်ရှိလာခြင်းမှ စတင်ပါသည်။ ထိုလူသတ်သမားသည် စာထဲတွင်ပါသော သင်္ကေတများကို သတင်းစာမျက်နှာဖုံးတွင် မဖော်ပြပါက လူများကို ဆက်လက်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ဤနေရာတွင် သတင်းစာတိုက်မှ သရုပ်ဖော်ကာတွန်းဆရာ Robert Graysmith (Jake Gyllenhaal)၊ မှုခင်းသတင်းထောက် Paul Avery (Robert Downey Jr.) နှင့် ရဲစုံထောက် Dave Toschi (Mark Ruffalo) တို့က ဒီပဟေဠိဆန်ဆန် လူသတ်သမား၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အသီးသီး ကြိုးပမ်းကြပါတော့သည်။
ဇာတ်ကားတစ်ခုလုံး၏ ဆွဲဆောင်မှုမှာ ရိုးရိုးရှင်းရှင်း သွေးထွက်သံယို အကြမ်းဖက်မှုများကို အဓိကမပြဘဲ၊ လူသတ်သမား၏ လျှို့ဝှက်သင်္ကေတများ၊ စာရွက်စာတမ်း အထောက်အထားများနှင့် မှုခင်းဖော်ထုတ်ပုံ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များကို အသေးစိတ်ကျကျ ပြသသွားခြင်းဖြစ်ပါသည်။ အချိန်တွေ ကြာမြင့်လာသည်နှင့်အမျှ ဇာတ်ကောင်များ၏ အိမ်ထောင်ရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာပုံကိုပါ ရင်တမမဖြင့် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမည်ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ရလျှင် Zodiac သည် ရိုးရိုးရှင်းရှင်း Serial Killer ဇာတ်ကားမျိုး မဟုတ်ဘဲ လူတစ်ယောက်၏ ရူးသွပ်စွာ စုံစမ်းဖော်ထုတ်လိုသည့် စိတ်ဒဏ်ရာနှင့် ဖြစ်ရပ်မှန် မှုခင်းတစ်ခု၏ အမှောင်ထုကို ပညာရှင်ဆန်ဆန် ထိထိမိမိ ရိုက်ကူးထားသည့် ရုပ်ရှင်တစ်ကားဖြစ်ပါသည်။
My Rating: 8.5/10
AP
Comments: