၂၀၀၁ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အော်စကာဆု ၄ ဆုအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ "A Beautiful Mind" ဟာ Biographical Drama အမျိုးအစား ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Ron Howard ရိုက်ကူးထားပြီး မင်းသားကြီး Russell Crowe နဲ့ မင်းသမီး Jennifer Connelly တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ John Nash. သည် သင်္ချာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ ဂိမ်းသီအိုရီ (Game Theory) နယ်ပယ်တွင် ထင်ရှားသည့် နိုဘယ်ဆုရ သင်္ချာပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဒီဇာတ်ကားဟာ စာရေးဆရာမ Sylvia Nasar ရေးသားခဲ့ပြီး John Nash ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ စာဖတ်သူရော ရုပ်ရှင်ချစ်သူများပါ အထူးနှစ်သက်ခဲ့ကြတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ သင်္ချာပါရမီရှင် John Nash ရဲ့ ကျောင်းသားဘဝနဲ့ သူရဲ့ သင်္ချာသီအိုရီသစ်များ ဖန်တီးပုံမှ စတင်ထားပါတယ်။ သူ့ရဲ့ ထူးချွန်မှုကြောင့် အမေရိကန်စပိုင်အဖွဲ့အစည်းတစ်ခုရဲ့ လျှို့ဝှက်သင်္ကေတများ ဖော်ထုတ်ပေးရတဲ့ အလုပ်ကို လုပ်ကိုင်ခွင့်ရခဲ့ပြီး စိတ်လှုပ်ရှားဖွယ် လျှို့ဝှက်ဆန်းကြယ်မှုများနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းမှာတော့ သူကြုံတွေ့နေရတဲ့ စပိုင်အလုပ်နဲ့ လျှို့ဝှက်ချက်တွေဟာ သူ့ရဲ့ စိတ်ဝေဒနာ (Schizophrenia) ကြောင့် မြင်နေတဲ့ စိတ်မြင်မှားမှုများ ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့...
ရုပ်ရှင်ရဲ့ အားသာချက်ကတော့ မင်းသားကြီး Russell Crowe ရဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ ခံစားချက်နဲ့ ရုန်းကန်ရမှုကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုနဲ့ မင်းသမီး Jennifer Connelly ရဲ့ သစ္စာရှိလှတဲ့ ဇနီးသည်နေရာက ပံ့ပိုးမှုတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ညွှန်းဖွဲ့စည်းပုံနဲ့ ရိုက်ကွင်းပြကွက်တွေဟာ ကြည့်ရှုသူကို ဇာတ်ကောင်ရဲ့ စိတ်ကမ္ဘာထဲအထိ ဆွဲခေါ်သွားနိုင်စွမ်း ရှိပါတယ်။ အားနည်းချက်အနေနဲ့ ပြောရရင်တော့ John Nash ရဲ့ အပြင်က ဘဝအမှန်မှာရှိခဲ့တဲ့ အချို့သော ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို အနည်းငယ် ချန်လှပ်ထားပြီး ဟောလိဝုဒ်စတိုင် Drama ပုံစံ ပိုဆန်အောင် ပုံဖော်ထားတာကို တွေ့ရပါတယ်။
အချုပ်အားဖြင့်ဆိုရရင် A Beautiful Mind ဟာ လူတစ်ယောက်ရဲ့ ပါရမီ၊ စိတ်ရောဂါနဲ့ ရုန်းကန်ရမှုတွေကို မေတ္တာတရားနဲ့ မဆုတ်မနစ် ကြိုးစားမှုတို့ဖြင့် ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာကို အလှပဆုံး ပုံဖော်ပြသသွားတဲ့ သမိုင်းဝင် ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အခြေခံ ဇာတ်ကားများ၊ စိတ်ပညာဆန်ဆန် Drama ဇာတ်လမ်းများနှင့် စိတ်ဓာတ်ခွန်အားပေး ဇာတ်ကားများကို နှစ်သက်သူများအဖို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
My Rating: 8.5/10
AP
Comments: