ဒါရိုက်တာ Damian McCarthy ရဲ့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Supernatural Folk Horror အမျိုးအစား ရုပ်ရှင်ဇာတ်ကား "Hokum" ဟာ ကြည့်ရှုသူတို့ရဲ့ ကျောစိမ့်သွားစေမယ့် လေထုကို အပြည့်အဝ ဖန်တီးပေးထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Adam Scott က စိတ်ဓာတ်ကျပြီး လူတိုင်းကို စေတနာမရှိတဲ့ စာရေးဆရာကြီး Ohm Bauman အဖြစ် သရုပ်ဆောင်ထားပြီး၊ အိုင်ယာလန်မင်းသမီး Florence Ordesh နဲ့ David Wilmot, Peter Coonan တို့က အဓိကဇာတ်ပို့များအဖြစ် ပါဝင်ထားကြပါတယ်။ 

ဇာတ်လမ်းက အောင်မြင်တဲ့ သရဲစာရေးဆရာကြီး Ohm Bauman ဟာ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးရဲ့ အရိုးပြာကို  အိုင်ယာလန်တောတောင်ထဲက The Bilberry Woods Hotel ဆိုတဲ့ ဟိုတယ်အိုကြီးရဲ့ တောထဲမှာ သွားရောက်ကြဲဖြန့်ဖို့ ထွက်ခွာလာခဲ့ပါတယ်။ ဒီဟိုတယ်ဟာ သူ့မိဘတွေ မင်္ဂလာဦးခရီးထွက်ခဲ့ဖူးတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဟိုတယ်ရဲ့ မင်္ဂလာဦးအခန်း (Honeymoon Suite) မှာ လူတွေကို အမှောင်ကမ္ဘာထဲ ဆွဲခေါ်သွားတတ်တဲ့ စုန်းမကြီးရဲ့ ဝိညာဉ် သို့မဟုတ် မကောင်းဆိုးဝါး ရှိနေတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခု ရှိနေပါတယ်။

ဟိုတယ်ရောက်ပြီး မကြာမီမှာပဲ Ohm တစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေတာကို ဟိုတယ်က ဝန်ထမ်းမလေး Fiona ကတွေ့ရှိသွားပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Ohm ဆေးရုံက ဆင်းလာချိန်မှာ  Fiona က ပျောက်ဆုံးသွားခဲ့ပြီး၊ မာနကြီးပြီး ရေငုံနှုတ်ပိတ်နေတတ်တဲ့ Ohm တစ်ယောက် Fiona ကို လိုက်ရှာရင်းကနေ ဟိုတယ်ထဲက ပဟေဠိဆန်တဲ့ လျှို့ဝှက်ချက်တွေ၊ အမှောင်ထုနောက်က ခြောက်ခြားဖွယ်ရာတွေနဲ့ အတိတ်က နာကျင်စရာ အရိပ်မည်းတွေကို ရင်ဆိုင်လိုက်ရတဲ့အခါ...။

ဒါရိုက်တာ Damian McCarthy ရဲ့ ဖန်တီးမှုက ထုံးစံအတိုင်း ပရိသတ်ကို Jump Scare တွေနဲ့ ခြောက်တာထက် စိတ်ခြောက်ခြားဖွယ်ရာ Dread & Atmosphere ကို ခိုင်ခိုင်မာမာ တည်ဆောက်ပြသွားတာပါပဲ။ ကင်မရာအယူအဆတွေက Ohm ရဲ့ အမြင်အတိုင်း (POV) သွားထားတာကြောင့် မှောင်မည်းနေတဲ့ အခန်းထောင့်တွေကို ကြည့်ရင်း ပရိသတ်ပါ ရင်တထိတ်ထိတ်နဲ့ အတူလိုက်ပါ ခံစားရစေပါတယ်။ Adam Scott ရဲ့ သရုပ်ဆောင်ချက်ကလည်း စာရေးဆရာတစ်ယောက်ရဲ့ မာန၊ အရက်စွဲမှုနဲ့ ရူးသွပ်မှုကို အပြည့်အဝ ဖော်ပြနိုင်ခဲ့ပါတယ်။

ဇာတ်ကားက အေးအေးဆေးဆေးနဲ့ ဇာတ်ရှိန်မြှင့်တဲ့ ပုံစံမျိုး သွားတာကြောင့် မြန်မြန်ဆန်ဆန် ခြောက်လှန့်တာကို ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ပထမပိုင်းမှာ နည်းနည်း ပျင်းစရာကောင်းနေနိုင်ပါတယ်။ ထို့ပြင် နောက်ဆက်တွဲ ဇာတ်သိမ်းပိုင်းမှာ ပဟေဠိ အချို့ကို ပရိသတ်ဘာသာ တွေးဆခိုင်းထားခဲ့တာကြောင့် ရှင်းရှင်းလင်းလင်း အဖြေကြိုက်သူများအတွက်တော့ နားမလည်ဘဲ ကျန်ခဲ့နိုင်ပါတယ်။

ခြုံငုံပြောရရင် Hokum (2026) ဟာ ခေတ်ပေါ် Horror တွေကြားထဲမှာ ရှေးဟောင်းရိုးရာ ဒဏ္ဍာရီအငွေ့အသက်ကို ခံစားချင်သူတွေအတွက် အထူးသင့်တော်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ စိတ်ပညာဆန်ဆန် ခြောက်လှန့်မှု၊ အိုင်ယာလန် တောတောင်တွေရဲ့ အေးစက်စက် အငွေ့အသက်နဲ့ သရဲဝိညာဉ်ဇာတ်လမ်းတွေကို နှစ်သက်ကြတဲ့ Horror Fans တွေ၊ Slow-burn Mystery ကြိုက်သူတွေ ကြိုက်နှစ်သက်ကြမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

My Rating: 7.6/10 ⭐️⭐️⭐️⭐️

AP