၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Practical Magic ဟာ Fantasy, Romance နဲ့ Comedy တွေကို သဘာဝလွန် မှော်ပညာ တွေနဲ့သေသေချာချာ ပေါင်းစပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို စာရေးဆရာမ Alice Hoffman ရဲ့ ၁၉၉၅ ခုနှစ်ထွက် နာမည်ကြီး Bestseller ဝတ္ထုရှည်ကို အခြေခံပြီး ဒါရိုက်တာ Griffin Dunne က ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တာပါ။ မင်းသမီးကြီး Sandra Bullock နဲ့ Nicole Kidman တို့က ညီအစ်မနှစ်ယောက်အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ ရုပ်ရှင်လောကရဲ့ ဝါရင့်မင်းသမီးကြီးတွေဖြစ်ကြတဲ့ Stockard Channing နဲ့ Dianne Wiest တို့ကလည်း အဒေါ်နှစ်ယောက်အဖြစ် အားဖြည့်ပေးထားကြပါတယ်။ ညီအစ်မနှစ်ယောက်ကြားက သံယောဇဉ်နဲ့ စုန်းမျိုးရိုးသဘာဝကို လှပဆန်းကြယ်စွာ ပုံဖော်ထားမှုကြောင့် ဒီနေ့အချိန်ထိ ပရိသတ်တွေရင်ထဲမှာ အမှတ်ရနေဆဲ Cult Classic ကားတစ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းမှာတော့ Owens မိသားစုဟာ မျိုးရိုးစဉ်ဆက် စုန်းအတတ်ကို တတ်မြောက်ကြသူများဖြစ်ပေမဲ့ သူတို့ဆီမှာ ကျိန်စာတစ်ခု ပါလာခဲ့ပါတယ်။ အဲ့ဒါကတော့ Owens မိသားစုဝင် အမျိုးသမီးတွေကို ချစ်မိတဲ့ အမျိုးသားတိုင်း အချိန်တိုအတွင်း ဆိုးဆိုးရွားရွား သေဆုံးရတတ်တာပါပဲ။ စကားနည်းပြီး အေးဆေးစွာ နေတတ်တဲ့ Sally (Sandra Bullock) ဟာ ဒီကျိန်စာကြောင့် ဒုက္ခမရောက်ချင်တာမို့ အချစ်နဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားပေမဲ့၊ စိတ်ဓာတ်ထက်မြက်ပြီး လွတ်လပ်စွာနေတတ်တဲ့ Gillian (Nicole Kidman) ကတော့ ကို စိန်ခေါ်ရင်း အန္တရာယ်များတဲ့ အချစ်ရေးထဲ ကျရောက်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ Gillian ရဲ့ အကြမ်းဖက်တတ်တဲ့ ရည်းစားဟောင်းကြောင့် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို ဖုံးကွယ်ဖို့နဲ့ ကျိန်စာရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်မနှစ်ယောက် စုန်းအတတ်ကို သုံးကာ ရုန်းကန်ကြရတဲ့အခါ စိတ်လှုပ်ရှားဖွယ်ရာတွေ စတင်လာတော့တာ ဖြစ်ပါတယ်။

ဝေဖန်သုံးသပ်ရရင် ဒီဇာတ်ကားရဲ့ အဓိက အားသာချက်ကတော့ Sandra Bullock နဲ့ Nicole Kidman တို့ကြားက Chemistry ပဲဖြစ်ပါတယ်။ တကယ့် ညီအစ်မရင်းချာတွေလိုမျိုး အပေးအယူမျှမျှ သရုပ်ဆောင်နိုင်ခဲ့ကြသလို၊ ဇာတ်ကားရဲ့ အနုပညာမြောက် Aesthetic စတိုင်နဲ့ Victorian ဆန်ဆန် အိမ်ကြီးရဲ့ ဒီဇိုင်း ဖန်တီးမှုတွေဟာ ကြည့်ရှုသူကို ဆွဲဆောင်မှုအပြည့် ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ ပုံစံ ပြောင်းလဲမှုတွေဟာ အနည်းငယ် မြန်ဆန်လွန်းတာကြောင့် Romantic Comedy ပုံစံကနေ ရုတ်တရက် Dark Fantasy စိတ္တဇဆန်ဆန် ပုံစံသို့ ကူးပြောင်းသွားတာကြောင့် ဇာတ်လမ်းပိုင်းမှာ အနည်းငယ် အားနည်းချက်ရှိခဲ့ပေမဲ့ ဇာတ်အိမ်ရဲ့ ဆွဲဆောင်မှုကိုတော့ လျော့ပါးမသွားစေခဲ့ပါဘူး။

အတိုချုပ်အားဖြင့် Practical Magic ဟာ အချစ်ရေးထက် ညီအစ်မနှစ်ယောက်ကြားက မေတ္တာ၊ အမျိုးသမီးတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ သဘာဝလွန် ဆန်းကြယ်မှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ 90s Vintage vibe ကို နှစ်သက်သူတွေ၊ 90s ခေတ်ရဲ့ အလှအပနဲ့ စုန်းအယူအဆ Nostalgia အငွေ့အသက်ကို ခံစားချင်သူတွေ၊ Fantasy အမျိုးအစားနဲ့ Romantic Drama တွေကို ရောနှောကြည့်ရှုချင်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။

My Rating: 7.8/10

AP