၂၀၂၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Prey for the Devil သည် Supernatural Horror နှင့် Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရဲနတ်ဆိုးနှင်ထုတ်သူ စာသင်ကျောင်း၏ ပထမဆုံးသော အမျိုးသမီး သာသနာပြု Sister Ann အဖြစ် Jacqueline Byers က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူမ၏ ဆရာ Father Quinn အဖြစ် Colin Salmon နှင့် Father Dante အဖြစ် Christian Navarro တို့က အားဖြည့်ပါဝင်ထားကြပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ နတ်ဆိုးပူးကပ်ခံရမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတာကြောင့် ဗာတီကန် ကက်သလစ် အသင်းတော်ဟာ နတ်ဆိုးနှင်ထုတ်ရေး သင်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ရှေးရိုးစွဲ စည်းမျဉ်းများအရ နတ်ဆိုးနှင်ထုတ်ခွင့်ကို ဘုန်းတော်ကြီး များကိုသာ ခွင့်ပြုထားသော်လည်း Sister Ann မှာ ပါရမီပါလာသည့် နတ်ဆိုးနှင်စွမ်းအားကြောင့် သူမအား အထူးလေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ Sister Ann ဟာ နတ်ဆိုးပူးခံထားရသည့် Natalie ဆိုသည့် မိန်းကလေးငယ်ကို ကူညီရန် ကြိုးပမ်းရင်းမှ သူမ၏ ငယ်စဉ်ကတည်းက တောက်လျှောက် ဒုက္ခပေးလာခဲ့သည့် မိခင်ဖြစ်သူ၏ အတိတ်ဆိုးကြီးနှင့် ပြန်လည်ရင်ဆိုင်တွေ့ကြုံရသည့်အခါ ပဟေဠိဆန်ဆန် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်း စတင်လာရပါတော့သည်။

သာမန် Exorcism ဇာတ်ကားတွေမှာ အမျိုးသား ဘုန်းတော်ကြီးတွေကိုသာ အဓိကထား ရိုက်ကူးလေ့ရှိပေမဲ့ ဒီဇာတ်ကားမှာတော့ အမျိုးသမီး စစ်စတာတစ်ယောက်ကို ဦးဆောင်ဇာတ်ကောင်အဖြစ် တင်ဆက်ထားတာက ဆန်းသစ်သည့် အမြင်တစ်ခု ဖြစ်ပါတယ်။ ဆိုးကွက်အနေနဲ့ဆိုရင်တော့ အမျိုးသမီး ဇာတ်ကောင်ကို အဓိကထားထားသော်လည်း ဇာတ်လမ်း၏ သွားလာပုံနှင့် ဇာတ်သိမ်းပိုင်းများမှာ ယခင် Exorcist ဇာတ်ကားအဟောင်းများ၏ ပုံစံအတိုင်း မခွဲထွက်နိုင်ဘဲ ခန့်မှန်းရလွယ်ကူနေပါတယ်။

Prey for the Devil သည် ဘာသာရေးနောက်ခံ သဘာဝလွန် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ပဟေဠိဇာတ်လမ်းများကို နှစ်သက်သူများအတွက် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ရသပေးနိုင်မည့် Horror ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Exorcism သရဲကား ပရိသတ်များ၊ Jump Scares နှင့် နတ်ဆိုးနှင်သည့် ဇာတ်ဝင်ခန်းများကို အသည်းယားဖွယ် ကြည့်ရှုချင်သူများ လက်မလွှတ်ဘဲ ကြည့်ရှုသင့်သည့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

My Rating: 6.5/10

AP