The Sandman သည် Dark Fantasy, Drama နှင့် Superhero အမျိုးအစားများကို ဆန်းသစ်စွာ ပေါင်းစပ်ရိုက်ကူးထားသည့် Netflix ၏ နာမည်ကျော် စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ကမ္ဘာကျော် စာရေးဆရာ Neil Gaiman ၏ အောင်မြင်ခဲ့သော DC Comic Books ကို အခြေခံ၍ ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်ပါတယ်။ 

ဒီစီးရီးထဲမှာ မင်းသား Tom Sturridge က အဓိကဇာတ်ကောင် Dream (သို့မဟုတ်) Morpheus အဖြစ် အေးစက်စက် အမူအရာများဖြင့် အပြည့်အဝ ပုံဖော်ထားပြီး၊ မင်းသမီး Kirby Howell-Baptiste (Death အဖြစ်)၊ Gwendoline Christie (Lucifer Morningstar အဖြစ်) နှင့် Mason Alexander Park (Desire အဖြစ်) စသည့် ထိပ်တန်း သရုပ်ဆောင်များက ဇာတ်အိမ်တစ်ခုလုံးကို ပိုမိုသက်ဝင်လှပအောင် ပံ့ပိုးကူညီထားကြပါတယ်။

The Sandman ၏ စကြာဝဠာထဲတွင် ရိုးရိုးနတ်ဘုရားများထက် ရှေးကျပြီး စကြာဝဠာ မတည်ဆောက်မီကတည်းက တည်ရှိခဲ့သည့် Endless ၇ ပါး ရှိပါတယ်။

၁။ Destiny (ကံကြမ္မာ): အရာရာကို ကြိုတင်သိမြင်သူ၊ 

၂။ Death (သေခြင်းတရား): သတ္တဝါတို့၏ နောက်ဆုံးအချိန်ကို ကူညီပေးသူ၊ 

၃။ Dream (အိပ်မက်/Morpheus): အိပ်မက်နှင့် စိတ္တဇကမ္ဘာ၏ သခင်၊ 

၄။ Destruction (ပျက်စီးခြင်း): ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်းကို စိုးမိုးသူ၊ 

၅။ Desire (ဆန္ဒ/တဏှာ): လူတို့၏ အလိုဆန္ဒများကို လှုံ့ဆော်သူ၊ 

၆။ Despair (မျှော်လင့်ချက်မဲ့ခြင်း): ပူဆွေးဝမ်းနည်းမှုကို စိုးမိုးသူ၊ နှင့် 

၇။ Delirium (ရူးသွပ်ခြင်း/ယခင်က Delight): တို့ပဲ ဖြစ်ကြပါတယ်။

ဇာတ်လမ်း၏ ပင်မဇာတ်အိမ်မှာ Endless ၇ ပါးထဲမှ အိပ်မက်သခင် Morpheus သည် နှစ်ပေါင်း ၁၀၀ နီးပါးကြာ လူသားတစ်စု၏ မှော်အစီအရင်ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရခြင်းမှ စတင်ထားပါတယ်။ Season 1 တွင် သုံ့ပန်းဘဝမှ လွတ်မြောက်လာသော Morpheus က သူ၏ ဆုံးရှုံးသွားသော စွမ်းအားရှိ ပစ္စည်းသုံးခုကို ပြန်လည်ရှာဖွေရင်း ပျက်စီးသွားသည့် အိပ်မက်ဘုံကို ပြန်လည်တည်ဆောက်ပုံ၊ လူသားတို့၏ စိတ်အလိုဆန္ဒများနှင့် ထိတွေ့ရပုံများကို ဆန်းကြယ်စွာ ရိုက်ကူးထားပါတယ်။

ဆက်လက်ပြီး Season 2 မှာတော့ Morpheus တစ်ယောက် အတိတ်က ကျူးလွန်ခဲ့သည့် အမှားများ၊ Endless ညီအစ်ကို မောင်နှမများကြားမှ အယူအဆပဋိပက္ခများနှင့် ငရဲပြည်မှ Lucifer အပါအဝင် နတ်ဘုရားများ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသည့် ပိုမိုနက်ရှိုင်းဆန်းကြယ်သော ဇာတ်အိမ်များဆီသို့ ဦးတည်သွားပါတယ်။ အိပ်မက်နှင့် လက်တွေ့၊ သေခြင်းနှင့် ရှင်ခြင်းတို့၏ နက်ရှိုင်းသော သဘောတရားများကို ဒဏ္ဍာရီဆန်ဆန် ပဟေဠိဆန်ဆန် အဆင့်ဆင့် ဖော်ထုတ်ပြသထားပါတယ်။

The Sandman  Series သည် DC ရဲ့ Superhero ကားများထက် ပိုမိုနက်ရှိုင်းသော၊ စိတ္တဇဆန်ပြီး ဒဿနိကဗေဒဆိုင်ရာ အယူအဆများကို လှပစွာ ပုံဖော်ထားသည့် Dark Fantasy  စီးရီးတစ်ခု ဖြစ်ပါတယ်။

My Rating: 8/10

AP