၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Supernatural Horror ရုပ်ရှင် Sinister ရဲ့ အဆက်အဖြစ် ၂၀၁၅ ခုနှစ်မှာ Sinister 2 ထွက်ရှိလာခဲ့ပါတယ်။ ဒါရိုက်တာ Ciaran Foy က ရိုက်ကူးထားပြီး ပထမကားရဲ့ ဖန်တီးရှင်များဖြစ်ကြတဲ့ Scott Derrickson နဲ့ C. Robert Cargill တို့ကပဲ ဇာတ်ညွှန်းကို ဆက်လက်ရေးသားပေးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ရက်စက်တတ်တဲ့ လင်ယောက်ျားရဲ့ အကြမ်းဖက်မှုတွေဆီကနေ လွတ်မြောက်ဖို့အတွက် သားအမြွှာနှစ်ယောက်ဖြစ်တဲ့ Dylan နဲ့ Zach တို့ကို ခေါ်ဆောင်ပြီး မြို့ပြင်က အိမ်ဟောင်းကြီးတစ်ခုမှာ လာရောက်ပုန်းအောင်းနေထိုင်တဲ့ မိခင် Courtney အကြောင်းနဲ့ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့ မသိတာကတော့ ထိုအိမ်ဟောင်းကြီးနဲ့ ဘေးက စပါးကျီဟာ Bughuul ဆိုတဲ့ နတ်ဆိုးရဲ့ ကျိန်စာသင့်ရာနယ်မြေ ဖြစ်နေခဲ့တာပါ။
အမြွှာညီအစ်ကိုထဲက စိတ်နုနယ်တဲ့ Dylan ဟာ ညစဉ်ညတိုင်း ရောက်ရှိလာတတ်တဲ့ ဝိညာဉ်ကလေးတွေရဲ့ ခြောက်လှန့်မှုကို ကြုံတွေ့ရပြီး၊ အတိတ်က ထိုကလေးတွေ ပြုလုပ်ခဲ့တဲ့ ရက်စက်လွန်းလှတဲ့ 8mm ဖလင် မိသားစုလူသတ်ပွဲ ဗီဒီယိုတွေကို အတင်းအဓမ္မ ကြည့်ရှုဖို့ ဖိအားပေးခြင်း ခံရပါတော့တယ်။ တစ်ဖက်မှာလည်း ပထမကားက ရဲအရာရှိဟောင်းဟာ Bughuul ရဲ့ ကျိန်စာကွင်းဆက်ကို ပြတ်တောက်သွားအောင် အိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးရင်း ဒီအိမ်ကြီးဆီ ရောက်ရှိလာတဲ့အခါမှာတော့… ကလေးတွေကို နတ်ဆိုးလက်ထဲကနေ ကယ်ထုတ်နိုင်မလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။
Sinister ဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ 8mm ဖလင်ဗီဒီယိုတိုလေးတွေထဲက ရက်စက်မှုပြကွက်တွေနဲ့ နောက်ခံအသံ အသုံးပြုမှုဟာ ယခုဒုတိယပိုင်းမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက် အော်သံ သို့မဟုတ် Jump Scares တွေကို ခဏခဏ သုံးထားတာကြောင့် ထိတ်လန့်မှု ရသထက် ရုတ်တရက် လန့်သွားရုံမျှသာ ဖြစ်စေပါတယ်။
ခြုံငုံသုံးသပ်ရရင် Sinister 2 ဟာ ပထမကားလောက် သဘာဝလွန် ရင်သပ်ရှုမောဖွယ် မကောင်းလှသော်လည်း၊ Horror ဇာတ်ကားကောင်း တစ်ခုအဖြစ် သီးသန့်ကြည့်ရင်တော့ ပေးရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ ထိတ်လန့်မှုကို ပေးစွမ်းနိုင်ပါတယ်။
My Rating: 6/10
Ap
Comments: