ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာတဲ့ ကောလိပ်ကျောင်းသား သူငယ်ချင်းတစ်စုဆီကနေ စတင်ခဲ့တာပါ။ သူတို့ဟာ ခရီးစဉ်အတွင်း ဆန်းကြယ်တဲ့ မက္ကဆီကန် အပျက်အစီး ဘုရားကျောင်းဟောင်းတစ်ခုထဲမှာ သာမန်အတိုင်း Truth or Dare ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကစားနည်းက သာမန်ကစားနည်း မဟုတ်ဘဲ မိစ္ဆာဝိညာဉ်တစ်ခုရဲ့ ပယောဂပါဝင်နေမှန်း သူတို့မသိခဲ့ကြပါဘူး။ မက္ကဆီကိုကနေ အိမ်ပြန်ရောက်လာကြတဲ့အခါမှာတော့ ဒီကစားနည်းက သူတို့နောက်ကို ထပ်ကြပ်မကွာ လိုက်ပါလာပြီး လက်တွေ့ဘဝထဲမှာပါ Truth or Dare ဆိုပြီး လာရောက်မေးမြန်းပါတော့တယ်။ ကစားနည်းရဲ့ စည်းကမ်းအတိုင်း အမှန်အတိုင်း မပြောရင်ဖြစ်ဖြစ်၊ စိန်ခေါ်မှုကို မလုပ်ဘဲ ငြင်းဆန်ရင်ဖြစ်ဖြစ် အသက်ပါ ပေးလိုက်ရတဲ့အထိ ကြောက်စရာကောင်းလာတဲ့အခါမှာတော့... သူငယ်ချင်းတစ်စုဟာ မိစ္ဆာကျိန်စာရဲ့ လက်ကနေ လွတ်မြောက်ဖို့နဲ့ ကစားနည်းကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို အသက်လုပြီး အဖြေရှာကြရပါတော့တယ်။
ဒီဇာတ်ကားရဲ့ အဓိက ကောင်းကွက် ကတော့ Concept ပါပဲ။ လူတိုင်းနီးပါး ရင်းနှီးပြီးသားဖြစ်တဲ့ သာမန်ကစားနည်းတစ်ခုကို အသက်အန္တရာယ်ရှိတဲ့ ကျိန်စာတစ်ခုအဖြစ် ဆန်းဆန်းသစ်သစ် ပြောင်းလဲဖန်တီးထားတာ ဖြစ်လို့ ဇာတ်လမ်းအစကတည်းက ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပါတယ်။ စာရိတ္တပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေ၊ သူငယ်ချင်းအချင်းချင်း ကြားက မနာလိုမှုတွေနဲ့ မုသားတွေကို ကစားနည်းကနေတစ်ဆင့် အရှိတရားအတိုင်း ဖော်ထုတ်ခိုင်းတဲ့အချက်က Drama ပိုင်းကို ပိုမိုခိုင်မာစေပြီး ဇာတ်ရှိန်ကို တက်စေပါတယ်။ ဒါ့အပြင် မိစ္ဆာပူးကပ်ခံရတဲ့အခါ မျက်နှာမှာ ပေါ်လာတဲ့ ထူးဆန်းဖွယ် ပြုံးဖြဲဖြဲ ရုပ်ပြောင်းသွားတဲ့ပုံစံ ကလည်း သဘာဝလွန် ခြောက်လှန့်မှုပုံစံကို ကြောက်စရာကောင်းအောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
ခြုံငုံပြောရရင် Truth or Dare ဟာ သမားရိုးကျ သရဲကားတွေထက် စိတ်လှုပ်ရှားဖွယ်ရာ ပဟေဠိဆန်ဆန် Plot-driven Horror ကောင်းတစ်ခုကို ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ခေါင်းရှုပ်ခံပြီး ကြောက်စရာကောင်းတဲ့ သဘာဝလွန် ဖြစ်စဉ်တွေကို ကြည့်ရတာ ကြိုက်တဲ့သူတွေ၊ Blumhouse ထုတ်လုပ်ရေးရဲ့ Teen Slasher / Thriller ပုံစံမျိုးကို နှစ်သက်သူတွေနဲ့ ပေါ့ပေါ့ပါးပါး Horror ဇာတ်ကားရှာနေသူတွေအဖို့ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
My Rating: 6.7/10
AP
Comments: