၁၉၈၆ ခုနှစ် ဝန်းကျင်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့ဖူးတဲ့ "Hwaseong Serial Murder Case" ကို အခြေခံ ရိုက်ကူးထားသည့် Tunnel (၂၀၁၇) သည် OCN ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော Crime, Thriller နှင့် Fantasy အမျိုးအစား ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မင်းသားအဖြစ်  Choi Jin-hyuk (ပတ်ဂွမ်ဟို အဖြစ်) က ခေါင်းဆောင်ပါဝင်ထားပြီး၊ စုံထောက် ကင်ဆွန်ဂျဲ အဖြစ် Yoon Hyun-min နဲ့ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာပါမောက္ခ ရှင်ဂျေအီ အဖြစ် Lee Yoo-young တို့က အဓိက ပါဝင်အားဖြည့်ထားကြပါတယ်။ 

ဇာတ်လမ်းအကျဉ်းမှာ ၁၉၈၆ ခုနှစ်က အမျိုးသမီးများကို ပဟေဠိဆန်ဆန် သတ်ဖြတ်နေသည့်  ကွင်းဆက်လူသတ်သမားကို လိုက်လံစုံစမ်းနေသူ စုံထောက် ပတ်ဂွမ်ဟိုသည် လိုဏ်ခေါင်း (Tunnel) တစ်ခုအတွင်း တရားခံကို လိုက်လံဖမ်းဆီးရင်း ခေါင်းကို အရိုက်ခံရကာ သတိလစ်သွားခဲ့ပါတယ်။ သတိပြန်ရလာပြီး လိုဏ်ခေါင်းထဲက ထွက်လာချိန်မှာတော့ သူရောက်ရှိနေတာဟာ ၁၉၈၆ ခုနှစ် မဟုတ်တော့ဘဲ နှစ်ပေါင်း ၃၀ အကြာ ၂၀၁၇ ခုနှစ် ခေတ်သစ်ဆိုးလ်မြို့ ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရှိလိုက်ရပါတယ်။ ပိုပြီး တုန်လှုပ်စရာကောင်းတာက လွန်ခဲ့တဲ့ ၃၀ ကျော်က သူ မဖမ်းဆီးနိုင်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဟာ ၂၀၁၇ ခုနှစ်မှာ ထပ်မံလှုပ်ရှားလာပြီး လူသတ်မှုတွေကို ပုံစံတူ ပြန်လည်ကျူးလွန်လာခြင်းပါပဲ။ ၁၉၈၆ က ရောက်လာတဲ့ ရှေးရိုးစွဲ စုံထောက်ကြီး ပတ်ဂွမ်ဟို၊ ၂၀၁၇ ရဲ့ ခေတ်မီတဲ့ စုံထောက် ကင်ဆွန်ဂျဲနဲ့ စိတ်ပညာရှင် ရှင်ဂျေအီတို့ သုံးဦး ပေါင်းစည်းကာ အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ဆက်ကြောင်းတွေကို ဖော်ထုတ်ပြီး ရက်စက်လှတဲ့ လူသတ်သမားကို လက်ရဖမ်းဆီးဖို့ ကြိုးစားကြပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြထားပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ အဓိက ကောင်းကွက်ကတော့ အပိုင်းတိုင်းမှာ ပဟေဠိတွေကို တစ်စစီ အချိတ်အဆက်မိမိ ဖြေရှင်းသွားတာနဲ့ အပိုင်းတိုင်းလိုလိုရဲ့ အဆုံးမှာ ပရိသတ်ကို မထင်မှတ်ထားတဲ့ Plot Twist တွေနဲ့ ရင်သပ်ရှုမော ဖြစ်စေတာပဲ ဖြစ်ပါတယ်။

အတိတ်နဲ့ ပစ္စုပ္ပန်ကို အချိန်ကူးပြောင်းပြီး မှုခင်းဖော်ထုတ်တဲ့ Concept ကို Signal တို့လို ဇာတ်ကားတွေမှာ မြင်တွေ့ဖူးကြမှာဖြစ်ပေမဲ့၊ Tunnel ကတော့ မိသားစု သံယောဇဉ်၊ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ပိုမို အသားပေး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

My Rating: 8.5/10

AP