သည်းထိတ်ရင်ဖို Horror အမျိုးအစားကို နှစ်သက်ကြသည့် ပရိသတ်များအတွက် ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားသည့် "Vicious" ဆိုသည့် ဇာတ်ကားလေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ သည်းထိတ်ရင်ဖိုဂန္ထဝင်ဇာတ်ကား The Strangers (2008) နဲ့ The Dark and the Wicked (2020) တို့ဖြင့် ပရိသတ်ကြား ရေပန်းစားခဲ့သည့် ဒါရိုက်တာ Bryan Bertino ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်နေရာမှာတော့ ကလေးသရုပ်ဆောင်ဘဝတည်းက သရုပ်ဆောင်စွမ်းရည် ထက်မြက်လှသည့် ခေါင်းဆောင်မင်းသမီး Dakota Fanning က ပါဝင်ထားပြီး၊ ဇာတ်ပို့ဇာတ်ရံများအဖြစ် Kathryn Hunter, Rachel Blanchard, Mary McCormack နဲ့ Devyn Nekoda တို့လို ကျွမ်းကျင်သရုပ်ဆောင်များက ဖြည့်ဆည်းပေးထားကြပါတယ်။
ဇာတ်လမ်းအစမှာတော့ အသက် ၃၀ ကျော်၊ ကိုယ်ပိုင်ဘဝနဲ့ အလုပ်အကိုင်ကြားမှာ လမ်းပျောက်နေသည့် Polly (Dakota Fanning) ဆိုသည့် မိန်းကလေးဆီသို့ ညဉ့်နက်သန်းခေါင်မှာ အဘွားအိုတစ်ယောက် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ပါတယ်။ ထိုအဘွားအိုက Polly ထံသို့ ထူးဆန်းသည့် သေတ္တာငယ်လေးတစ်လုံး ပေးအပ်ခဲ့ပြီး "ဒီနေ့ည နင်သေလိမ့်မယ်" ဆိုသည့် နိမိတ်ဆိုးစကားနဲ့အတူ ပျောက်ကွယ်သွားခဲ့ပါတယ်။
သေတ္တာရဲ့ စည်းကမ်းကတော့ ရိုးရှင်းပေမဲ့ ကြောက်စရာကောင်းလှပါတယ်— "နင်မုန်းသည့်အရာ၊ နင်လိုအပ်သည့်အရာ၊ နဲ့ နင်ချစ်သည့်အရာ" ဆိုသည့် အရာ ၃ ခုကို ထိုသေတ္တာထဲ ထည့်ပေးရမည်ဖြစ်ပြီး၊ မဟုတ်ပါက သူမ၏ ဘဝနဲ့ ချစ်ရသူအားလုံးကို မကောင်းဆိုးဝါး ဝိညာဉ်က ဖျက်ဆီးပစ်မည်ဖြစ်ပါတယ်။ Polly တစ်ယောက် အချိန်နဲ့တပြေးညီ သူမ၏ အသက်ကို လဲလှယ်ရန် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကြောက်မက်ဖွယ် တိုက်ပွဲဝင်ရပုံကို သဲထိတ်ရင်ဖို ရှုစားကြရမည်ဖြစ်ပါတယ်။
ဒါရိုက်တာ Bryan Bertino ၏ ထုံးစံအတိုင်း အိမ်တစ်လုံးအတွင်းမှာပဲ ခြောက်ခြားဖွယ်ရာ Atmosphere ကို မျက်စိပသာဒဖြစ်ဖွယ် Visual နဲ့ Camera angle များ သုံးပြီး ပရိသတ်ကို ရင်တမမဖြစ်အောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။
အားနည်းချက်အနေနဲ့ကတော့ Concept က ဆန်းသစ်သော်လည်း မေးခွန်းများစွာ၊ သင်္ကေတများစွာကို ချပြပြီး နောက်ဆုံးမှာ အဖြေရှင်းရှင်းလင်းလင်း မပေးနိုင်ဘဲ လေထဲမှာ ပျောက်ကွယ်သွားသည့် ဇာတ်လမ်းသွားက ကြည့်ရှုသူကို အနည်းငယ် စိတ်ပျက်စေနိုင်ပါတယ်။
Vicious (2025) သည် စိတ်ဒဏ်ရာ၊ သေခြင်းတရားနဲ့ စိတ္တဇဆန်သည့် ခြောက်ခြားဖွယ်ရာ ပတ်ဝန်းကျင်ကို အဓိကထား ရိုက်ကူးထားသည့် Psychological Horror ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Dark Mystery, Psychological Horror ဇာတ်ကားဆန်းများ ကြိုက်နှစ်သက်သူများ၊ The Strangers / The Dark and the Wickedကဲ့သို့ ဒါရိုက်တာ Bryan Bertino ၏ ရိုက်ကူးဟန်ကို သဘောကျသူများအတွက် ကြည့်ရှုသင့်သည့် ဇာတ်ကားဖြစ်ပါတယ်။
My Rating: 6.2/10
AP

Comments: